ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ်လ ၈ ရက်တွင် နေပြည်တော်မှ စစ်တွေ မြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ပါသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ခရီးစဉ်တွင်လိုက်ပါလာသည့် သံတမန်လေ့လာရေးအဖွဲ့မှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်မှ နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ Pilot Project အရ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အခြေအနေနှင့် ပြည်နယ်အတွင်းရှိ IDP စခန်းများအတွက် ပံ့ပိုးဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ငါးခူရပြန်လည်လက်ခံရေးစခန်းမှ စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြန်လည်လက်ခံရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းအတွင်း ပြန်လည်လက်ခံရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လိုက်လံကြည့်ရှုခဲ့ကြပြီး ညနေပိုင်းတွင် စစ်တွေမြို့ရှိ သဲချောင်းဈေး၊ ဒါးပိုင် IDP စခန်းနှင့် သက္ကေပြင် IDP စခန်းတို့ကို ထပ်မံလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ AHA Center တို့မှကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့သည် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများကို သွားရောက်လေ့လာခဲ့။
Add new comment