နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မတ်လ ၈ ရက်တွင် တောင်ကြီးမြို့နယ်၊ ပင်ငိုကျေးရွာအနီးရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

       စက်ရုံရှင်းလင်းဆောင်တွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် စက်မှု ဒုတိယဝန်ကြီးတို့က-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ၂၀၂၁ ခုနှစ်အတွင်း လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်အရ စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုများ ရပ်တန့်ထားသည့် အမှတ်(၂)သံမဏိ စက်ရုံ(ပင်းပက်)စီမံကိန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင် ဆောင်ရွက်ခဲ့မှုအခြေအနေများ။
  • စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ တိုးတက်မှုများနှင့် ချို့ယွင်းချက်များ ဖြစ်ပေါ်နေသည့် အစိတ် အပိုင်းများကို ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့မှုများ။
  • လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းပညာဆိုင်ရာ စစ်ဆေးရေးအဖွဲ့တို့မှ စနစ်ကျနမှုရှိစေရေး စစ်ဆေးဆောင် ရွက်ခဲ့မှုနှင့် စီမံကိန်း အကောင်အထည်ဖော်လျက်ရှိမှုအခြေအနေများ။
  • မြန်မာစီးပွားရေးကော်ပိုရေးရှင်းမှ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) မှ Process Engineer များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုများ။
  • အလုပ်ရုံအသီးသီးရှိ စက်ကိရိယာများအား စစ်ဆေးခဲ့မှု၊ အစားထိုး လဲလှယ်ရန်လိုအပ်သည့် စက်ကိရိယာများကို ပြုပြင်ခြင်းများနှင့် မှာယူတပ်ဆင်ခြင်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများ။
  • အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)စီမံကိန်းအတွက် လိုအပ်မည့် သံရိုင်း သတ္တုနှင့် စက်မှုကုန်ကြမ်း တွင်းထွက်သတ္တုများ ထုတ်ယူရရှိနိုင်မှုပမာဏနှင့် ခွင့်ပြုပေးထားသည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့။

         ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့်ပစ္စည်းဖြစ်ပြီး ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ယခုစီမံကိန်းကို ငွေကြေးအခက်အခဲ၊ နည်းပညာအခက်အခဲများကြားမှ အကောင်အထည်ဖော်ဆောင်ခဲ့ရခြင်းဖြစ်သော်လည်း စီမံကိန်းအပေါ် နားလည်မှုနှင့် မဟာဗျူဟာမြောက်အမြင်မရှိဘဲ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ရပ် ဆိုင်းခဲ့၍ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရပြီး ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်ရေးအတွက် သံမဏိလို အပ်ချက်သည် မလွဲမသွေရှိနေမည်ဖြစ်ကြောင်း။
  • မြေအောက်သယံ ဇာတများသည် သစ်တောသစ်ပင်များကဲ့သို့ ပြန်လည်စိုက်ပျိုး၍ ရရှိနိုင်သည်မဟုတ်ဘဲ နှစ်ပေါင်းများစွာကြာမြင့်မှသာလျှင် သဘာဝအလျောက်ဖြစ်တည်လာနိုင်သည်ဖြစ်သည့်အတွက် နိုင်ငံအတွက် အကျိုးရှိသည့်နေရာများတွင်သာ အသုံးချရန်နှင့် ထုတ်ယူသုံးစွဲမှုများကို ထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ကြရန် လိုကြောင်း။
  • နိုင်ငံတော်အနေဖြင့် လုပ်ငန်းများအောင်မြင်စေရေးမူဝါဒများကို ချမှတ်ပေးမည်ဖြစ်ပြီး အမှန်တကယ်အောင် မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်မှာ ဝန်ကြီးဌာနများ၏ တာဝန်သာဖြစ်ကြောင်း။
  • စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုများကို ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ပီပီပြင်ပြင်ဖြစ်အောင်ဆောင် ရွက်ကြစေလိုပြီး ရေရှည်ကိုကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း။
  • ကမ္ဘာ့ပထမဆုံး သံရည်ကျိုနည်းစဉ် Romelt ကို အသုံးပြုထားသဖြင့် အလုပ်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်း စဉ်များ စဉ်ဆက်မပြတ် ပြုလုပ်နိုင်ရေးနှင့် အလုပ်ရုံများအချင်းချင်းချိတ်ဆက်၍ ထုတ်လုပ်မှုဆောင်ရွက်နိုင်ရေး လုပ် ငန်းစဉ်များအလိုက် စနစ်တကျနှင့်အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။
  • လုပ်ငန်းဆောင်ရွက်မှုနှင့် အရည်အသွေးစစ်ဆေးမှုများကို Third party ဖြင့် စစ်ဆေးမှုများနှင့် မှတ်တမ်းထားရှိမှုများ ပြုလုပ်ထားရှိရန်လိုကြောင်းဖြင့် လမ်းညွှန်မှာကြားခဲ့။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့်လည်၍ သံသတ္တုရိုင်းပြုပြင်ရေးအလုပ်ရုံ၊ ကုန်ကြမ်းသိုလှောင်ဖြန့်ဖြူးရေးအလုပ်ရုံ၊ စွန့်ပစ်အပူသုံးလျှပ်စစ်ဓာတ်အားပေးအလုပ်ရုံ၊ သံရည်ကျို အလုပ်ရုံ၊ သံစိမ်းတုံးပုံလောင်းအလုပ်ရုံ၊ သံစိမ်းတုံးသိုလှောင်သည့်နေရာ၊ ဖိအားမြင့် လေထုတ်အလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို တာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။

     အဆိုပါ အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စီမံကိန်းကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Tyazhpromexport (TPE) နှင့် မြန်မာစီးပွားရေးကော်ပိုရေးရှင်းတို့ပူးပေါင်း၍ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက်တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင် စက်မှုဝန်ကြီးဌာနသို့လွှဲပြောင်း၍ ဆက်လက်အကောင်အထည်ဖော်ခဲ့ကြောင်း၊ စီမံကိန်းတည်ဆောက်မှုလုပ်ငန်းများကို ၂၀၁၇ ခုနှစ်  မတ် ၁၅ ရက်တွင် ယာယီရပ်ဆိုင်းခဲ့ရပြီး  ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအရ အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၃-၂၀၂၃)

 

  • နိုင်ငံတည်ဆောက်ရေးတွင် သံမဏိသည် မဖြစ်မနေလိုအပ်သည့်ပစ္စည်းဖြစ်ပြီး ပြည်တွင်းသံမဏိလိုအပ်ချက်များစွာရှိသဖြင့် သံမဏိထုတ်လုပ်ရေးစီမံကိန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်။
  • ယခုစီမံကိန်းကို ငွေကြေးအခက်အခဲ၊ နည်းပညာအခက်အခဲများကြားမှအကောင်အထည်ဖော်ဆောင်ခဲ့ရခြင်းဖြစ်သော်လည်း စီမံကိန်းအပေါ်နားလည်မှုနှင့် မဟာဗျူဟာမြောက်အမြင်မရှိဘဲ စီမံကိန်းကို ၂၀၁၇ ခုနှစ်တွင် ရပ်ဆိုင်းခဲ့၍ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့။
  • စီမံကိန်းအကောင်အထည်ဖော်ဆောင်မှုများကို ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ပီပီပြင်ပြင်ဖြစ်အောင်ဆောင် ရွက်ကြစေလိုပြီး ရေရှည်ကိုကြည့်၍ ဆောင်ရွက်ကြရန်လို။
  • ကမ္ဘာ့ပထမဆုံး သံရည်ကျိုနည်းစဉ် Romelt ကို အသုံးပြုထားသဖြင့် အလုပ်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်း စဉ်များ စဉ်ဆက်မပြတ်ပြုလုပ်နိုင်ရေးနှင့် အလုပ်ရုံများအချင်းချင်းချိတ်ဆက်၍ ထုတ်လုပ်မှုဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်လို။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်းလှည့် လည်၍ စက်ရုံလည်ပတ်မှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို တာဝန်ရှိသူများထံပေးအပ်ခဲ့။

Add new comment