နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေး

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၇ ရက်တွင် တာဝန်ရှိသူများနှင့်အတူ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြေဖို့ခြင်း၊ မြေဖြတ်ခြင်းနှင့် တာဘောင်ဆင်ခြေလျောဖြေခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရှမ်းပြည်နယ်၏ ထင်ရှားသော ဘဝသံသရာရထားလမ်းတံတားပုံစံအတိုင်း တည်ဆောက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

       ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို သာမန်ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရန်၊ ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ရန်ရည်ရွယ်ကြောင်း။
  • သံလမ်းခင်းရာ၌ လမ်းခင်းကျောက်ထည့်သွင်းမှု၊ တံတားများထည့်သွင်းတည်ဆောက်မှုတို့ကို သတ်မှတ်အရည် အသွေးနှုန်းထားများအတိုင်း ပြည့်မီစွာ ခင်းကျင်းရန်လိုကြောင်း။
  • ကားလမ်းများအနီးတွင်ရှိသည့် ရထားသံလမ်းပိုင်းနေရာများတွင် ဘေးအန္တရာယ် ကင်းရှင်းမှုရှိစေရေး အကာ အရံ ဆောင်ရွက်ပေးရန်လိုကြောင်း၊ မြေထိန်းနံရံ (Toe Wall) များ၊ ရေကာနံရံများနှင့် ရေထုတ်ပြွန်များ၊ ရေ ထုတ်မြောင်းများကိုလည်း စနစ် တကျ ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့ပါသည်။

     ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့ပြီး စီမံကိန်းဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၃)

 

  • ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်းကို သာမန်ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရန်၊ ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ်နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်း ရောင်းဝယ်နိုင်ရန်၊ ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်များဖြင့် ဆောင် ရွက်လျက်ရှိ။

Add new comment