နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၇ ရက်တွင် ဇနီးဒေါ်ကြူကြူလှနှင့် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများလိုက်ပါ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကျောက်တလုံးကြီးမြို့သို့သွားရောက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီနေအိမ်သို့သွားရောက်၍ ဦးအောင်ခမ်းထီ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီးနောက် တာဝန်ရှိသူများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကိုဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအများနှင့် ဒေသအကျိုးကို ဖြစ်ထွန်းစေမည့် လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်စေလိုပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း ဒေသတွင်းရှိ ပြည်သူများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။
- မွေးမြူရေးနှင့်ပတ်သက်၍လည်း ဝက်၊ နွား၊ ကြက်စသည့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် အောင် မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်လိုကြောင်း။
- ပအိုဝ်းဒေသမှ ထွက်ရှိသည့် ထောပတ်သီးသည် အရည်အသွေးကောင်းမွန်သည့်အတွက် စိုက်ပျိုးမှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်စေလိုပြီး ဒေသတွင်း ကောင်းမွန်စွာထွက်ရှိသည့် ကြက်သွန်၊ အားလူး၊ လက်ဖက်ကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေး စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။
- ဒေသရှိ မြေပေါ်မြေအောက်သယံဇာတများကို လွယ်လွယ်ကူကူ ထုတ်ယူသုံးစွဲခြင်းများကို ရှောင်ရှားပြီး ရေရှည်အကျိုးရှိမည့် လုပ်ငန်းများကို လုပ်ဆောင်စေလိုကြောင်း။
- ဒေသတွင်းရှိ သစ်ပင်သစ်တောများကိုလည်း ထိန်းသိမ်းရန်လိုအပ်ပြီး ရွှေ့ပြောင်းတောင်ယာများစိုက်ပျိုးခြင်းထက် ကုန်းမြင့်လယ်ယာစနစ်ကို ပိုမိုအားပေးဆောင်ရွက်ကြစေလိုကြောင်း။
- ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့်တပ်မတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တလုံးကြီးမြို့၊ ဗိုလ်ပန္တကုန်းတော်တွင် တည်ထားကိုးကွယ်ထားရှိသည့် မဟာဝံသဗုဒ္ဓဂယာ စေတီတော်သို့သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်းရေချမ်း ဆီမီး ကပ်လှူပူဇော်ကာ စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်အား ဖူးမြော်ကြည်ညိုကာ စေတီတော်ရေရှည်တည်တံ့ ခိုင်မြဲရေး၊ ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် ထိန်း သိမ်းဆောင်ရွက်ရန် လိုအပ်သည်များကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၃-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်တလုံးကြီးမြို့ရှိ ပအိုဝ်းအမျိုးသားခေါင်းဆောင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နာယက ဦးအောင်ခမ်းထီနေအိမ်သို့သွား ရောက်၍ ဦးအောင်ခမ်းထီ၏ ကျန်းမာရေးအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားခဲ့။
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအများနှင့်ဒေသအကျိုးကို ဖြစ်ထွန်းစေမည့် လုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်စေလို။
- ဒေသတွင်း ကောင်းမွန်စွာထွက်ရှိသည့် ကြက်သွန်၊ အားလူး၊ လက်ဖက်ကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်များမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေး စဉ်းစားဆောင်ရွက်ကြစေလို။
- ဒေသရှိ မြေပေါ်မြေအောက်သယံဇာတများကို လွယ်လွယ်ကူကူ ထုတ်ယူသုံးစွဲခြင်းများကိုရှောင်ရှားပြီး ရေရှည်အကျိုးရှိမည့် လုပ်ငန်းများကို လုပ်ဆောင်စေလို။
- ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့်တပ်မတော်မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်။
Add new comment