ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးပြောကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည်  ဇန်နဝါရီလ ၁၀ ရက်၌ ကျင်းပခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် အမှုထမ်း(ဒုတိယဦးစီးမှူး)များ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ပြောကြားခဲ့ရာ- 

· ရွေးကောက်ပွဲများကျင်းပရာတွင် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများဖြစ်ရန် လိုအပ်သည့်အားလျော်စွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသကဲ့သို့ ရွေးကောက်ပွဲကျင်းပပေးရေးတာဝန်ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။

· လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့်  မဲများသူ အနိုင်ရ(FPTP)စနစ်အစား အချိုးကျကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ PR စနစ်အတွက် ကိုက်ညီမည့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲ များပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။

· လာမည့်ရွေးကောက်ပွဲကိုကျင်းပရာတွင် ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်၊ တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘက်လိုက်မှုကင်းရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်တိုင်းကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ သို့ဖြစ်၍ ကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများသည်လည်း ဥပဒေ၊ နည်းဥပဒေများကို မဖြစ်မနေသိရှိကျွမ်းကျင်နေအောင် လေ့လာထားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇန်နဝါရီလ ၁၀ ရက်မှ ၂၁ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကော်မရှင်၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေသကဲ့သို့ ရွေးကောက်ပွဲ ကျင်းပပေးရေးတာဝန်ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ။
  • လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူ အနိုင်ရ(FPTP)စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်(PR)သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် နိုင်ငံရေးပါတီများနှင့်ဆွေးနွေးဆောင်ရွက်လျက်ရှိ၊ PR စနစ်အတွက် ကိုက်ညီမည့်ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ လက်စွဲများပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိ။
  • လာမည့်ရွေးကောက်ပွဲကိုကျင်းပရာတွင် ကော်မရှင်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့်၊ တစ်နည်းအားဖြင့် ဘက်လိုက်မှုမရှိသည့် သန့်ရှင်းသောရွေးကောက်ပွဲဖြစ်အောင်ဆောင်ရွက်သွားမည်ဖြစ်။

 

Add new comment