၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

      ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ်လ ၅ ရက်တွင် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာဗိမာန်တော် ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပြီး ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြပါသည်။

    အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြင်းခြံမြို့၊ ကိုးဆောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Don Pramudwinai၊ ကောင်စီ ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများနှင့် သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရလူပုဂ္ဂိုလ်များ တက်ရောက်ကြည်ညိုကြပါသည်။

       အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများဖြစ်ကြသည့် သီရိလင်္ကာနိုင်ငံမှဆရာတော် Most Venerable Prof. Kumburugamuwe၊ ထိုင်းနိုင်ငံမှ ဆရာတော် Somdet Phramahathirachan နှင့် မဟာစည်ဆရာတော်ကြီး ဘဒ္ဒန္တသောဘန(ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေမင်းဝံသာသနာ့ရိပ်သာဆရာတော်တို့ထံ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ခဲ့ပြီး အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ရရှိခဲ့ကြသည့် လူပုဂ္ဂိုလ်များကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများဖြစ်ကြသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ နဂါးကျောင်းစာသင်တိုက်ဆရာတော် ဘဒ္ဒ န္တစက္ကိန္ဒာဘိဝံသနှင့် မိုးကုတ်ဆရာတော်ကြီး ဘဒ္ဒန္တဝိမလ(ကိုယ်စား) ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏသိင်္ဂီ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာဆရာတော်တို့ထံ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ပြီး သီရိသုဓမ္မမဏိဇောတဓရဘွဲ့ရရှိသည့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့ပါသည်။ တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို အသီးသီးဆက်ကပ်ပူဇော်ခဲ့ကြပါသည်။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်၏ ဇနီးတို့က အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များဆက်ကပ်ပူဇော်ခဲ့ကြပြီး အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့နှင့် သီရိသုဓမ္မသိင်္ဂီဘွဲ့ ရရှိခဲ့ကြသည့် လူပုဂ္ဂိုလ်အမျိုးသမီးများအား ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ဆရာတော်၊ သံဃာတော်  ၄၀၃ ပါး၊ သီလရှင်ဆရာကြီး ၃၈ ပါးနှင့် လူပုဂ္ဂိုလ် ၄၂ ဦးတို့ကို သာသာနာတော်ဆိုင်ရာဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခဲ့ပြီး ယနေ့ကျင်းပ သည့် ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားတွင် ဆရာတော်ကြီး ၁၄၈ ပါးနှင့် သီလရှင်ဆရာကြီး ၃ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ရရှိကြ သည့် လူပုဂ္ဂိုလ် ၁၄ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့ပါသည်။ ကျန်ရှိသည့် ဘွဲ့ခံဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက အသီးသီးဆက်ကပ်ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။

      အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီး၊ ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ပြတိုက်၊ ပိဋကတ်တိုက်၊ မော်ကွန်းတိုက်တော်အတွင်းရှိ ဧည့်ခန်းမ၌ ထိုင်းနိုင်ငံမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် Somdet Phramahathirachan အား ဖူးမြော်ကြည်ညို၍ သာသနာတော်ဆိုင်ရာများကို လျှောက်ထားပြီး ဆရာတော်ကြီးထံမှ ဩဝါဒခံယူခဲ့ပါသည်။

    ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ တာဝန်ရှိသူများ၊ အလှူရှင်များက ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကော်ရော်အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း စေတီတော်ပတ်လမ်းရှိ သက်ဆိုင်ရာမဏ္ဍပ်များမှ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၃-၂၀၂၃)

 

  • ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားတွင် ဆရာတော်ကြီး ၁၄၈ ပါးနှင့် သီလရှင်ဆရာကြီး ၃ ပါးတို့အား ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်ပူဇော်ခဲ့ပြီး သာသနာနုဂ္ဂဟဘွဲ့တံဆိပ်ရရှိကြသည့် လူပုဂ္ဂိုလ် ၁၄ ဦးတို့ကို ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်အပ်နှင်းခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ တာဝန်ရှိသူများ၊ အလှူရှင်များက ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မူခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပဆရာတော်၊ သံဃာတော်များနှင့် ဘွဲ့ခံသီလရှင်ဆရာကြီးများအား ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်  ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူခဲ့။

 

Add new comment