မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများအပေါ် လိုက်နာရန်ပျက်ကွက်ခဲ့သည့် အမေရိကန်နိုင်ငံသားနှစ်ဦးနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ  ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုအား ကာကွယ်နိုင်ရန်အတွက် ပြည်ပ/ပြည်တွင်း လိုက်နာရမည့်လုပ်ငန်းစဉ်များအား အပြည့်အဝချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းကမ်းချက်များအား လိုက်နာရန် ပျက်ကွက်ခဲ့သည့် အမေရိကန်နိုင်ငံသားနှစ်ဦးသည် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၀ ရက်တွင်  ထုတ်ပြန်ခဲ့ပါသည်။

သတင်းထုတ်ပြန်ချက်

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ   ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုအား ကာကွယ်နိုင်ရန်အတွက် ပြည်ပ/ ပြည်တွင်း လိုက်နာရမည့် လုပ်ငန်းစဉ်များအား အပြည့်အဝချမှတ်ဆောင်ရွက်လျက်ရှိသည်။ လတ်တလော ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွား နေသည့် အိုမီခရွန်ဗိုင်းရပ်စ် ဗီဇမျိုးကွဲကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ၁၆-၁၂-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသော    “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ဂိတ်များနှင့် နယ်စပ်ဝင်/ ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအတွက်    အသွားလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ထားသည့် လုပ်ငန်းစဉ်” ကြေညာချက်ကို ယင်းနေ့၌ပင် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများနှင့်   အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ထားပြီး ယင်းအတိုင်း လိုက်နာရန် အသိပေးပြီးဖြစ်သည်။

၂။  ၂-၁-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့သည့် အမေရိကန်သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတစ်ဦးသည် ဆရာစံဟိုတယ်၌ Quarantine နေထိုင်စဉ် ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ၄-၁-၂၀၂၂ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါသည်။ ထို့အပြင် ၃-၁-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းမှ ဝင်ရောက်ခဲ့သည့် အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးသည် Pan Pacific Hotel ၌ Quarantine နေထိုင်နေစဉ် ၆-၁-၂၀၂၂ ရက်နေ့၊ ဓာတ်ခွဲခန်းစစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။ ကိုဗစ်ရောဂါပိုးတွေ့ရှိသူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ထားသည့် ဆေးရုံများ(အစိုးရနှင့် ပုဂ္ဂလိကဆေးရုံများ)သို့ တက်ရောက်ကုသမှုခံယူရန် အသိပေးခဲ့သော်လည်း အမေရိကန်သံရုံးဝန်ထမ်းတစ်ဦးနှင့် အပေါင်းအပါတို့က မည်သည့်ခွင့်ပြုချက်မှမပါရှိဘဲ ဟိုတယ်သို့ လာရောက်၍ ပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသားနှစ်ဦးအား ၎င်းတို့၏ အစီအစဉ်ဖြင့် ကုသမည်ဆိုကာ ပြန်လည် ခေါ်ဆောင်သွားခဲ့သည်။

၃။ ယခုအခါ အိုမီခရွန်ဗိုင်းရပ်စ်ဗီဇမျိုးကွဲများ ကမ္ဘာတစ်ဝန်း လျင်မြန်စွာကူးစက်ပျံ့နှံ့နေသည့်အတွက် မြန်မာနိုင်ငံအစိုးရအနေဖြင့် ယင်းရောဂါပိုး မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းမရှိစေရန်နှင့် မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် WHO ၏ စံညွှန်းများနှင့်အညီ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာလမ်းညွှန်ချက်များချမှတ်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေသည့်ကာလဖြစ်သည်။ ၎င်းပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း အပိုဒ် ၄၁ တွင်  “အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များ ရရှိသူအားလုံးသည် မိမိတို့၏ အခွင့်အရေးများနှင့် ကင်းလွတ်ခွင့်များကို မထိခိုက်စေဘဲ၊ လက်ခံသည့်နိုင်ငံ၏ တရားဥပဒေများနှင့် စည်းမျဉ်းဥပဒေများကို လေးစားရန် တာဝန်ရှိကြသည်။ ထို့ပြင် ၎င်းတို့သည် ထိုနိုင်ငံ၏ ပြည်တွင်းရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်လည်း တာဝန်ရှိသည်” ဟု ဖော်ပြထားပါသည်။

၄။ အထက်ဖော်ပြပါဖြစ်စဉ်၌ အမေရိကန်နိုင်ငံသားနှစ်ဦးနှင့် သံရုံးဝန်ထမ်း၏ ဥပဒေနှင့် ဆန့်ကျင်သည့် ပြုမူဆောင်ရွက်မှုသည် သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူများ၏ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသည်။ ထို့ပြင် ယင်းလုပ်ရပ်သည် လက်ခံနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် လမ်းညွှန်ချက်များ၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်သဖြင့် ယင်းလုပ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာကန့်ကွက်သည်။ မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအား တိတိကျကျလိုက်နာရန် ထပ်မံအသိပေးအပ်ပါသည်။ မြန်မာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ဗီဇမျိုးကွဲများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

  • ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၁၆-၁၂-၂၀၂၁ ရက်တွင်  ထုတ်ပြန်ထားသော “အပြည်ပြည်ဆိုင်ရာ ဝင်/ထွက် ဂိတ်များနှင့် နယ်စပ်ဝင်/ ထွက်ဂိတ်များမှ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးသွားများအတွက် အသွားလာကန့်သတ်မှုနှင့် ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက် မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ထားသည့် လုပ်ငန်းစဉ်” ကြေညာချက်ကို ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ နှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများသို့ ပေးပို့ထားပြီး ယင်းအတိုင်း လိုက်နာရန် အသိပေးပြီးဖြစ်။
  • ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် အမေရိကန်နိုင်ငံသား ၂ ဦး တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စံသတ်မှတ်ချက်များနှင့်အညီ သတ်မှတ်ထားသည့် ဆေးရုံများသို့ တက်ရောက် ကုသမှုခံယူရန် အသိပေးခဲ့သော်လည်း အမေရိကန်သံရုံး ဝန်ထမ်းတစ်ဦးနှင့် အပေါင်းအပါတို့က မည်သည့်ခွင့်ပြုချက်မှမပါရှိဘဲ ပိုးတွေ့ရှိသူ အမေရိကန်နိုင်ငံသားနှစ်ဦး အား ၎င်းတို့၏အစီအစဉ်ဖြင့် ကုသမည်ဆိုကာ ပြန်လည်ခေါ်ဆောင်သွားခဲ့။
  • ယင်းလုပ်ရပ်သည် လက်ခံနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် လမ်းညွှန်ချက်များ၊ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်သဖြင့် နိုင်ငံခြား ရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာကန့်ကွက်ခဲ့။
  • မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစည်းကမ်းချက်များအား တိတိကျကျလိုက်နာရန် ထပ်မံအသိပေးအပ်ပြီး မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ဗီဇမျိုးကွဲများ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လိုအပ်သည့် အရေးယူဆောင်ရွက် မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်။

 

Add new comment