လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ပထမဆုံးသော လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ (နေပြည်တော်) MG EV Charging Station (NPT) ဖွင့်ပွဲအခမ်းအနားကို မတ်လ ၄ ရက်တွင် နေပြည်တော်သပြေကုန်းဈေး ယာယီမဏ္ဍပ်၌ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက လျှပ်စစ်သုံးယာဉ်များအတွက် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ(နေပြည်တော်) MG EV Charging Station (NPT) အတွင်း ကြည့်ရှု လေ့လာကြပြီး လျှပ်စစ်သုံးယာဉ်များကို လက်တွေ့စမ်းသပ်မောင်းနှင်ခဲ့ပါသည်။
မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် လျှပ်စစ်သုံးယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co., Ltd က ပထမဦးစွာ တည်ဆောက်ဖွင့်လှစ်အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်တည်ဆောက်ဆဲ လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station) များကိုလည်း အမြန်ဆုံးဖွင့်လှစ် အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ထို့ပြင် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ်သုံးယာဉ် ၁၉ စီးသည် မတ်လ ၃ ရက်က ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့် Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး ၃၀ သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကာ အဆိုပါလျှပ်စစ်သုံး ယာဉ်များတင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအ တွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၃-၂၀၂၃)
- လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ပထမဆုံးသော လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ(နေပြည်တော်) MG EV Charging Station (NPT) ဖွင့်ပွဲအခမ်း အနားကို မတ်လ ၄ ရက်တွင် ကျင်းပခဲ့ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်သွားမည်ဖြစ်။
- မတ်လ ၃ ရက်တွင် ဆိပ်ကမ်းများနှင့် နယ်စပ်ကုန်သွယ်ရေးဇုန်များမှတစ်ဆင့် တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ်သုံးယာဉ် ၄၉ စီးကို လုပ်ထုံးလုပ် နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကာ အဆိုပါလျှပ်စစ်သုံးယာဉ်များတင်သွင်းမှုသည် ပြည်တွင်းလျှပ်စစ်သုံးယာဉ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန် ကင်းလွတ်ခွင့် သက်သာခွင့်ပြုထားကြောင်း သိရ။
Add new comment