နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့်စစ်ထောက်ဆိုင်ရာများ၊ နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆောင်ရွက်ထားရှိမှုအခြေအနေများအားစစ်ဆေး

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မတ်လ ၁ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စစ်ဦးစီး၊ စစ်ရေးနှင့် စစ်ထောက်ဆိုင်ရာများ၊ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ရာ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်၏ ဦးရေးထောက်ဆိုင်ရာလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

        ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က-

  • တပ်ရင်းတပ်ဖွဲ့များအနေဖြင့် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပြီး တပ်ရင်းတပ်ဖွဲ့အလိုက် လေ့ကျင့်ရမည်ဖြစ်သကဲ့သို့ လေ့ကျင့်ရေးသင်တန်းကျောင်းများကလည်း အမြဲမပြတ်လေ့ကျင့်ပေးနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့ သင်ကြားထားသည့်စစ်ပညာများကို ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း။
  • အဆင့်ဆင့်သော ခေါင်းဆောင်များကိုယ်တိုင် စိတ်ဓာတ်၊ စည်းကမ်းကောင်းမှသာလျှင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့်တပ်များ ဖြစ်လာမည်ဖြစ်သဖြင့် စစ်သည်တစ်ဦးချင်း စိတ်ဓာတ်၊ စည်းကမ်းနှင့် ခံယူချက်ကောင်းများရှိအောင် လေ့ကျင့်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-

  • တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့် ရှောက်ရန်နှင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း။
  • တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်သကဲ့သို့ ပြည်ပရန်ကာကွယ်ရေးအတွက်လည်း Standard Army တစ်ခု ဖြစ်စေရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။
  • တပ်မတော်သားများသည် စည်းကမ်းနှင့်အညီ နေထိုင်ကြသူများဖြစ်ခြင်းကြောင့် ပြည်သူများနှင့်ထိတွေ့ဆောင်ရွက်ရာတွင် ပြည်သူ့အပေါ်ထားရှိရမည့် ကျင့်ဝတ်တွင်ပါဝင်သည့်အတိုင်း ပြည်သူအပေါ် ရေလိုလလိုကျင့်ကြံကြရန်လိုကြောင်း၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေးအတွက်လည်း လူထုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း။
  • ယခင်က ရခိုင်ပြည်နယ်သည် အုပ်ချုပ်မှုစနစ်၊ ပညာရေးတို့တွင် အားကောင်းခဲ့သော်လည်း နောက်ပိုင်းတွင် မူဂျာဟစ်သောင်းကျန်းသူများနှင့် ဒေသတွင်းလူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုများ စသည့်အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာနောက် ကျခဲ့ရကြောင်း။
  • ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေလိုအပ်ကြောင်း။
  • အသိပညာ၊ အတတ်ပညာများသည် အတန်းပညာအပေါ်တွင် မူတည်သောကြောင့် တပ်မတော်သားများ အတန်းပညာမြင့်မားရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်သားများ၏ မိသားစုဝင်သားသမီးများ ပညာရည်မြင့်မားစေရေး အားပေးဆောင်ရွက်ကြစေလိုကြောင်း။
  • တပ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း အများအတွက် အကျိုးရှိမည့် မွေးမြူရေးကို ဆောင်ရွက်ကြစေလိုကြောင်း။
  • တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးများကို ဆောင်ရွက်ရာတွင်လည်း မိမိတို့တတ်နိုင်သလောက် အောင်မြင်ဖြစ်ထွန်းအောင် ဆောင် ရွက်ကြစေလိုကြောင်း။
  • စစ်သည်တစ်ဦးချင်းအတွက် အကျိုးကို ခိုင်မာစွာဖြစ်ပေါ်စေနိုင်ပြီး စဉ်ဆက်မပြတ်သော အမြတ်ငွေများ နှစ်စဉ်ရရှိစေနိုင်သည့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် အစုရှယ်ယာထည့်ဝင်ခြင်းများကို ဆောင်ရွက်နိုင်ရန်လည်း အခွင့်အလမ်းများ ဖော်ဆောင်ပေးထားပြီးဖြစ်ကြောင်း။
  • စစ်သည်တစ်ဦးတစ်ယောက်ချင်း၏အကျိုးကို မျှော်တွေး၍ ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် မိမိတို့၏ ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများဖြင့် ရေရှည်ကိုကြည့်ကာ ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

         ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ပြီး ၎င်းတို့၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အမ်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ၏  ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။       

 သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၃-၂၀၂၃)

 

  • တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရ မည်ဖြစ်သကဲ့သို့ ပြည်ပရန်ကာကွယ်ရေးအတွက်လည်း Standard Army တစ်ခု ဖြစ်စေရေး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ။
  • ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေလိုအပ်။
  • တပ်ပိုင်စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း အများအတွက် အကျိုးရှိမည့် မွေးမြူရေးကို ဆောင်ရွက်ကြစေလို။
  • တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် အမ်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာ ပစ္စည်းများကိုပေးအပ်ခဲ့။

 

 

Add new comment