နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တွေမြို့၊ မြို့ရေပေးဝေရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၂၈ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ရေပေးဝေရေးစီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက စစ်တွေမြို့အတွင်းရှိ ပြည်သူများ၏ နေ့စဉ်နှင့် နှစ်စဉ်ပျမ်းမျှ သုံးရေလိုအပ်ချက်ပမာဏ၊ နှစ်စဉ်မိုးရွာသွန်းမှုအခြေအနေများနှင့် ရေသိုလှောင်နိုင်မှု၊ ရေပေးဝေရေးတွင် လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

        ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • မြို့နေပြည်သူလူထုတို့၏ နေ့စဉ်သုံးရေလိုအပ်ချက်ပမာဏကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေချိုကိုသိုလှောင်၍ ဖြန့်ဖြူး ပေးသည့် နည်းလမ်းအပြင် ဒေသတွင်းရှိ ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ် ကြောင်း။
  • မြေအောက်ရေကို လုံလောက်စွာထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေရှိပါကလည်း လောင်စာဆီအသုံးပြု၍ ရေတင်ခြင်းထက် လျှပ်စစ်ဖြင့် ရေတင်ခြင်း၊ ဆိုလာစွမ်းအင်သုံးလျှပ်စစ်ဖြင့် ရေတင်ခြင်းတို့ ဆောင်ရွက်နိုင်ရေး တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။
  • လက်ရှိ ကန်တော်ကြီးရေစုကန်၏ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုတို့ကို ပြန်လည် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ဒေသအတွင်းရှိ သစ်တောသယံဇာတများကို အလွန်အမင်း ထုတ်ယူသုံးစွဲခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးရွာရက်နည်းခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် ဒေသအတွက်အကျိုးရှိသည့် လမုပင်အပါအဝင် သစ်တောသစ်ပင်စိုက်ပျိုးခြင်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားခဲ့။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ရေစုကန်များအား ကြည့်ရှုပြီး လိုအပ်သည့်ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်‌ရေးနှင့် ဒေသ၏သုံးရေလိုအပ်ချက်ကို ပြည့်မီအောင်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၃)

 

  • မြို့နေပြည်သူလူထုတို့၏ နေ့စဉ်သုံးရေလိုအပ်ချက်ပမာဏကို ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်။
  • မြေအောက်ရေကို လုံလောက်စွာထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေရှိပါကလည်း လောင်စာဆီအသုံးပြု၍ ရေတင်ခြင်းထက် လျှပ်စစ်ဖြင့် ရေတင်ခြင်း၊ ဆိုလာစွမ်းအင်သုံးလျှပ်စစ်ဖြင့် ရေတင်ခြင်းတို့ ဆောင်ရွက်နိုင်ရေး တွက်ချက်ဆောင်ရွက်ကြရန်လို။
  • ဒေသအတွင်းရှိ သစ်တောသယံဇာတများကို အလွန်အမင်း ထုတ်ယူသုံးစွဲခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးရွာရက်နည်းခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့ကို ဖြစ်ပေါ်စေနိုင်သဖြင့် ဒေသအတွက်အကျိုးရှိသည့် လမုပင်အပါအဝင် သစ်တောသစ်ပင်စိုက်ပျိုးခြင်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်။

Add new comment