Online အခြေပြုလောင်းကစားလုပ်ငန်းများ၊ ကံစမ်းမဲဖောက်လုပ်ငန်းများနှင့် တရားမဝင် ချေးငွေလုပ်ငန်းလုပ်ကိုင်နေသူ ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးဆိုင်ရာ အထောက်အကူပြုမှတ်တမ်းများနှင့် နည်းပညာဆိုင်ရာအချက်အလက်များအား အခြေပြု၍စောင့်ကြည့်ကာ စုံစမ်းစစ်ဆေးဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင်-
- ဇန်နဝါရီလ ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ FMI CITY ၊ ငွေနှင်းဖြူ သစ်ခွလမ်း၊ အမှတ်(O-178) နေအိမ်၌ မို့မို့စံ(ခ)Yuki ပါ တရားခံ ၉ ဦးအား TTbet Online Game လောင်းကစားရာတွင်အသုံးပြုသည့် လက်ကိုင်ဖုန်း ၅၀ လုံး၊ လက်တော့ ၂၂ လုံး၊ မော်နီတာ ၄ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။
- ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ်(FG-98)တွင် Golden Gift (Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)အား စီမံခန့်ခွဲလုပ်ကိုင်သူ အောင်ဖုန်းကျော်နှင့် ကြီးကြပ်လုပ်ကိုင်သူ ထင်အောင်ကျော်(ခ)အယ်လစ်ပါ တရားခံ ၁၉ ဦးတို့အားလည်း ကောင်း။
- လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ FMI CITY ၊ ချင်းတွင်းလမ်းရှိ အိမ်အမှတ် (FG-95)တွင် TTbet Online Game လောင်းကစားလုပ်ငန်းအား ကြီးကြပ်/ စာရင်းကိုင်အဖြစ်လုပ်ကိုင်သူ အေးငြိမ်းသူနှင့် ကြီးကြပ်လုပ်ကိုင်သူ စိုင်းသီဟဇော်ပါ တရားခံ ၁၉ ဦးတို့အားလည်းကောင်း။
- ဇန်နဝါရီလ ၃၀ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂)၌ TTbet Online Game လောင်းကစားလုပ်ငန်းနှင့် Golden Gift(Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း) များအား ဦးစီးပြီးစီမံခန့်ခွဲလုပ်ကိုင်သူ ရန်နိုင်ကျော်(ခ)အားဖုအားလည်းကောင်း။
- ဖေဖော်ဝါရီလ ၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park၊ တိုက်အမှတ် (၉)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်း၌ တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း(ခ)အားချန်ပါ ၂၂ ဦးတို့အားလည်းကောင်း။
- ဖေဖော်ဝါရီလ ၅ ရက်တွင် လှိုင်မြို့နယ်၊ MICT Park ၊ တိုက်အမှတ်(၁၇)၊ (၄)လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်း၌ တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်နေသည့် စာရင်းကိုင်ဖြစ်သူ ကျော်မျိုးအောင်အားလည်းကောင်း လက်တော့၊ ပရင်တာ၊ စသည့် ဆက်စပ်ပစ္စည်းများဖြင့် အသီးသီးဖမ်းဆီးရမိခဲ့။
ဖြစ်စဉ်များတွင် Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ တရားခံအမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား ဖမ်းဆီးရမိခဲ့ကာ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ပြီး တရားခံများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၃-၂၀၂၃)
- Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်းလုပ်ကိုင်သည့် တရားခံအမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး၊ စုစုပေါင်း ၇၁ ဦးတို့အား ဖမ်းဆီးရမိခဲ့။
- တရားခံများထံမှ လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6S-8888 Mercedes Benz အနက်ရောင်ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိ ခဲ့ပြီး ၎င်းတို့အား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ။
Add new comment