တာဝန်သိပြည်သူများ၏ လျှို့ဝှက်စွာသတင်းပေးပို့မှုများအား ဆက်စပ်သတင်း ဖော်ထုတ်မှုများအရ ဖေဖော်ဝါရီလ ၂၄ ရက်တွင် သထုံမြို့အထွက်ကားဂိတ်၌ ယာဉ်အမှတ်၊ YGN/RLG-2396 ပရာဒိုယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်မောင်း ဝင်းဇော်နှင့် ဇော်လွင်ဦး(ခ) ဥူးတေဇောဘာသတို့အား MK-12 သေနတ် ၂ လက်၊ M-4 ကာဘိုင် ၂ လက်၊ M-16 သေနတ် ၁ လက်၊ ပွိုင့်-၃၈၀ ရိုင်ဖယ် ၁လက်၊ AK-47 သေနတ် ၁ လက်၊ Glock ပစ္စတို ၁၀ လက်၊ Sigsauer ပစ္စတို ၃ လက်၊ ကျည်မျိုးစုံ ၃,၉၈၀ တောင့် ၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ-
- တရားခံ ဝင်းဇော်နှင့် ဇော်လွင်ဦး(ခ) ဥူးတေဇောဘာသတို့ ၂ ဦးသည် ၂၀၂၁ ခုနှစ်၊ မတ်လခန့်တွင် KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေ လေးကေ့ကော်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးသင်တန်းအား ၁ လခန့် တက်ရောက်ခဲ့ကြောင်း။
- အကြမ်းဖက်သင်တန်းတက်ရောက်စဉ် ရင်းနှီးခဲ့သည့် ဖမ်းဆီးရန်ကျန်တရားခံ ဆရာမိုး၏ချိတ်ဆက်ပေးမှုဖြင့် အကြမ်းဖက် CRPH နှင့် NUG မှ KNLA တပ်မဟာ(၆)ထံမှ ဝယ်ယူခဲ့သည့် လက်နက်/ ခဲယမ်းများအား မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည့် မြိုင် PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးရန်ကျန်တရားခံ ရဲသော်တာ(ခ)ကျောက်တိုင်၊ ဗိုလ်လင်္ကျာနှင့် မြိုင်ကြီး(ခ)ယက္ခတို့ထံသို့ အခကြေးငွေရယူ၍ ပို့ဆောင်ပေးခဲ့ကြောင်း။
- လက်နက်/ခဲယမ်းများအား မွေ့ယာ၊ မြက်ဖျာများ၊ အဝတ်အစားဘေထုပ်အိတ်များနှင့် မုန့်ပုံးများအတွင်း၌ ထည့်သွင်းသိုဝှက်၍ ခရီးသည်တင်ကားများဖြင့် ပို့ဆောင်ခြင်း၊ လိုင်စင်မဲ့မော်တော်ယာဉ်များအား သာသနာပိုင်ယာဉ်၊ လူမှုကယ်ဆယ်ရေးယာဉ် နံပါတ်ပြားများတပ်ဆင်၍ ပုံမှားရိုက်ခရီးသွားဟန်လွဲ ပြုလုပ်ပို့ဆောင်ခြင်း၊ ယာဉ်အောက်ကြမ်းခင်းများအတွင်း အံဝှက်များပြုလုပ်၍ ထည့်သွင်းခြင်းပြုလုပ်ကာ လမ်းကြောင်းတစ်လျှောက် အဆင့်ဆင့်လက်ပြောင်းလက်လွှဲပြုလုပ်၍ လျှို့ဝှက်စွာသယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရ။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတင်းလက်ဦးမှုရယူကာ စနစ်တကျပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများကြောင့် အဆိုပါလက်နက်/ ခဲယမ်းနှင့် တရားခံများအား ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ် ကြောင်းနှင့်ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၂-၂၀၂၃)
- တရားခံ ကျား ၂ ဦးအား မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အတွင်း လှုပ်ရှားလျက်ရှိသည့် မြိုင် PDF အကြမ်းဖက်အဖွဲ့ထံသို့ ပို့ဆောင်မည့် လက်နက်ငယ်မျိုးစုံ ၂၀ လက်၊ ကျည်မျိုးစုံ ၃,၉၈၀ တောင့်၊ ကျည်အိမ်မျိုးစုံ ၄၆ ခု၊ ရီမုခလုတ် ၄၉ ခု နှင့်အတူ ဖမ်းဆီးရမိခဲ့။
Add new comment