နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖ များ၊ ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံပွဲ၌ တာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များက ရခိုင်ပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေးဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းရှင်များအတွက် ချေးငွေများထုတ်ချေးပေးထားမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများ ထုတ်ပေးထားရှိမှု၊ နယ်စပ်ကုန်သွယ်ရေးအတွက် ဆိပ်ခံတံတားတည်ဆောက်ပေးစေလိုမှု၊ ကုန်သွယ်မှုအတွက် ရာသီမရွေးသွားလာနိုင်သည့် ကားလမ်းများဖောက်လုပ်ပေးစေလိုမှု၊ ကမ်းရိုးတန်းသွား ကုန်သွယ်ရေးသင်္ဘောများ ပြေးဆွဲပေးစေလိုမှု၊ ဘဏ်စနစ်များကို ပြည်ပနိုင်ငံများနှင့် တိုက်ရိုက်ပေးချေဆောင်ရွက်နိုင်ရေး ရခိုင်ပြည်နယ်အတွင်း ခွင့်ပြုပေးရန်လိုအပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရေးအတွက် စက်မှုဇုန်များ ခွင့်ပြုဆောင်ရွက်ပေးရန်လိုအပ်မှု၊ ရခိုင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း အများအပြားပေါက်ရောက်ဖြစ်ထွန်းသည့် ဓနိပင်မှ အဆင့်မြင့် ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိမှု၊ ရခိုင်ပြည်နယ်အတွင်း ချည်မျှင်နှင့် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့ပါသည်။
လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ရခိုင်ပြည်နယ်အတွင်း နယ်စပ်ဒေသကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိမှု၊ နိုင်ငံတော်မှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်လျက်ရှိမှုနှင့် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထိုက်သင့်သောအတိုးနှုန်းများဖြင့် ထုတ်ချေးပေးလျက်ရှိမှု၊ MSME လုပ်ငန်းများအတွက် နည်းပညာလိုအပ်ချက်များအတွက် သင်တန်းများ ပို့ချပေးမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှု၊ တရားမဝင်ကုန်သွယ်မှုသည် ပြည်တွင်းစီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နစ်နာစေနိုင်သည်ဖြစ်သဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြရန်လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည် ဆွေးနွေးပြောကြားခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင်-
- နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ် လုပ်ငန်းများ မြှင့်တင်ရေးတို့အတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း။
- နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေများ ထုတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေ ကျပ် ၁၀ ဘီလီယံကို ထုတ်ပေးခဲ့ကြောင်း။
- ယခင်က မြန်မာနိုင်ငံသည် ပြည်ပမှ ထောက်ပံ့မှုများ ချေးငွေများကို အလွန်အမင်းအားကိုး၍ ရပ်တည်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့စီးပွား ပြန်လည်တိုးတက်စေရေး မိမိတို့အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- စီးပွားရေးမြှင့်တင်မှုများဆောင်ရွက်ရာတွင် ခိုင်မာသည့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်လိုသဖြင့် ဒေသတွင်းရရှိသည့် ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ပြည်တွင်းစီးပွားရေး တိုးတက်ရန်အတွက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းပင်ဖြစ်ကြောင်း။
- တန်ဖိုးမြှင့်ကုန်ချောများ ထုတ်လုပ်ခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းများကို ပေါများလာစေမည်ဖြစ်ပြီး ငွေကြေးလည်ပတ်မှုများလည်း ဖြစ်ပေါ်လာမည်ဖြစ် သဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
- MSME လုပ်ငန်းများမှ ထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်ရန်အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်ကုန်များတင်ပို့ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
- ရခိုင်ပြည်နယ်အတွင်း ရာဘာကုန်ကြမ်းများ များစွာထွက်ရှိသဖြင့် ရာဘာကိုအခြေခံသည့် တန်ဖိုးမြင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည် တွင်းသုံးစွဲမှုကို အထောက်အကူပြုမည်ဖြစ်ပြီး ပိုလျှံသည်များကိုလည်း ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။
- ရခိုင်ပြည်နယ်အတွင်း စက္ကူပျော့ဖက်များထုတ်လုပ်နိုင်သည့် အခြေခံကုန်ကြမ်းဖြစ်သော ဝါးများရှိပြီးဖြစ်သဖြင့် စနစ်တကျဖြင့် အသုံးပြုကြစေလိုကြောင်း၊ ရခိုင် ပြည်နယ်အတွင်း အုန်းပင်များ များစွာဖြစ်ထွန်းပေါက်ရောက်သဖြင့် အုန်းနှင့် အုန်းထွက်ပစ္စည်းများကို အောင်မြင်စွာထုတ်လုပ်နိုင်ကြောင်း။
- ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းမှုများရှိခဲ့သဖြင့် ပညာရည်မြင့် မားရေး၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ များစွာ ပေါ်ထွန်းလာရေး ပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ တက္ကသိုလ်များ၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ကျောင်းသားမိဘများ၊ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်းများကို အလေးထားအားပေးဆောင်ရွက်ကြစေလိုကြောင်း။
- ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း။
- ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် ရခိုင် ပြည်နယ် လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- ရခိုင်ပြည်နယ် ထာဝရငြိမ်းချမ်းစေရေး ဆောင်ရွက်နိုင်မှသာလျှင် ဒေသခံနောင်လာနောက်သားများကို ကောင်းမွန်သည့် အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ်ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း။
- ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက်လည်း ရခိုင်ပြည်နယ်တွင် လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးတိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်း ရင်းနှီးနှီး နှုတ်ဆက်ပြီး ခင်းကျင်းပြသထားသည့် ရေထွက်ကုန်ပစ္စည်းများ၊ စားသောက် ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည် များ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်း စီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်း ဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၂၇-၂-၂၀၂၃)
- နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအတွက် ရင်းနှီးမတည်ငွေများ ထုတ်ပေးခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ရန်ပုံငွေ ကျပ် ၁၀ ဘီလီယံကို ထုတ်ပေးခဲ့။
- ယခင်က မြန်မာနိုင်ငံသည် ပြည်ပမှ ထောက်ပံ့မှုများ ချေးငွေများကို အလွန်အမင်း အားကိုး၍ ရပ်တည်ခဲ့သည်ကို တွေ့ရှိရ။
- ပြည်တွင်းစီးပွားရေး တိုးတက်ရန်အတွက် ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အသုံးပြုရမည်ဖြစ်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်းသည် နိုင်ငံ့စီးပွား မြှင့်တင် ရေးကို အားပေးခြင်းပင်ဖြစ်။
- MSME လုပ်ငန်းများမှ ထွက်ရှိသည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ နိုင်ရန်အတွက် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးလျက်ရှိပြီး ထုတ်ကုန်များတင်ပို့ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလို။
- ပညာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အားနည်းမှုများရှိခဲ့သဖြင့် ပညာရည်မြင့် မားရေး၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ များစွာပေါ်ထွန်းလာရေး ပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်။
- ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိပါက ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလို။
- ရွေးကောက်ပွဲ ပြန်လည်ကျင်းပချိန်တွင် ရခိုင်ပြည်နယ် လုံးကျွတ်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်။
- ရခိုင်ပြည်နယ် ထာဝရငြိမ်းချမ်းစေရေး ဆောင်ရွက်နိုင်မှသာလျှင် ဒေသခံနောင်လာ နောက်သားများကို ကောင်းမွန်သည့် အနာဂတ်ဘဝများ လက်ဆင့်ကမ်းနိုင်မည်ဖြစ် ပြီး ဒေသသည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်မည်ဖြစ်။
Add new comment