နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဟားခါးမြို့ တောင်ဇလပ်ရိပ်သာ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ ပါသည်။

တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်က-

  • မိမိတို့နိုင်ငံ၏ ဒို့တာဝန်အရေး(၃)ပါးတွင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးသည် အရေးကြီးသည့်အကြောင်းတစ်ရပ်ဖြစ်ပြီး ချင်းပြည်နယ်တွင်လည်း တိုင်းရင်းသားများစည်းလုံးညီညွတ်ရေး ပိုမိုခိုင်မာ အောင် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားများစည်းလုံးညီညွတ်မှ တိုင်းပြည်တစ်ခုလုံး တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအကြား အမုန်းတရားများ မဖြစ်စေရန် ပြောဆိုနေထိုင်ကြရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများကလည်း မိမိတာဝန်ကျရာ ပြည်နယ်ရှိ တိုင်းရင်းသားများကို မေတ္တာ၊ စေတနာထားရှိကြရန်နှင့် အခြားဌာနဝန်ထမ်းများနှင့် စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် တာဝန်ထမ်း ဆောင်ကြရန် မှာကြားလိုကြောင်း ပြောကြားခဲ့။

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က-

  • တိုင်းရင်းသားများ၏ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာရပ်များကို ဖွံ့ဖြိုးတိုးတက်အောင်နှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုး တက်အောင် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုထူးခြားသည့် အခြေအနေကာလတွင် နိုင်ငံတော်က ချမှတ်ဆောင်ရွက်နေသည့် အမျိုးသားရေးလုပ်ငန်းစဉ်များ၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်တို့ကို သိရှိနားလည်ထားပြီး လုပ်ငန်းများကို မိမိကျရာကဏ္ဍများတွင် တာဝန်ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်နှင့် နိုင်ငံဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက် များနှင့်အညီ သုံးစွဲ ဆောင်ရွက်ကြရန်၊ ဝန်ထမ်းများသက်သာချောင်ချိရေးနှင့် ကျန်းမာရေးတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့။

ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့က ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအတွက် စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်း မြှင့်တင်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၂-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည်  တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်း များနှင့် တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအတွက် စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုထိန်းသိမ်းမြှင့်တင်ဆောင်ရွက်နိုင်ရန် ဖွံ့ဖြိုးမှု ထောက်ပံ့ငွေများ ပေးအပ်ခဲ့။

Add new comment