၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြုအမှာစကားပြောကြား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ (၇၅)နှစ်မြောက် စိန် ရတုချင်းအမျိုးသားနေ့အခမ်းအနား အတွက် လှူဒါန်းငွေကျပ် သိန်း (၂၀၀) ကို ချင်းပြည်နယ် ဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အားကစားပစ္စည်းများအားလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မျိုးစေ့နှင့် ဓာတ်မြေဩဇာထုတ်များအားလည်းကောင်း၊ ပြည်နယ်အစိုးရတာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူများနှင့် ဂုဏ်ထူးဆောင် ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ကာ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများက SAR LAM (အောင်ပွဲခံအက)၊ တီးတိန်ရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး တာဝန်ရှိသူများနှင့်အတူ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီးနောက် ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့ သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြခန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်းတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်လင်းတင်ပြပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့်စပ်လျဉ်း၍ တိုးတက်ပြောင်းလဲမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကိုတွေ့ဆုံပြီး ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေး အပ်ပြီးနောက် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၂-၂၀၂၃)
- (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားအတွက် လှူဒါန်းငွေကျပ် သိန်း (၂၀၀) ကို ချင်းပြည်နယ်ဝန်ကြီးချုပ်ထံသို့ပေးအပ်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကိုတွေ့ဆုံ၍ ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်ပြီးနောက် ဆေးရုံတက်ရောက်ကုသမှုခံယူနေကြသော ဒေသခံပြည်သူများအား တွေ့ဆုံအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။
Add new comment