(၂၄)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်က-
- မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့များမှ နည်းလမ်းမျိုးစုံဖြင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများနှင့် အလွဲသုံးမှုတို့ကြောင့် နိုင်ငံများ၏စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတို့ကိုပါ ကြီးမားသော ဆိုးကျိုးဖြစ်စေပြီး စိန်ခေါ်မှုတစ်ရပ် အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊
- မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ပြီး ဘက်ပေါင်းစုံမှ တားဆီးနှိမ်နှင်းရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊
- ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအဖြစ် မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ် ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
- ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့နှင့်လည်း နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးလုပ်ငန်းများကို အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊
- မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးကို ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် မူးယစ်ကင်းစင်သောဒေသတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းတည်ဆောက်သွားရမှာဖြစ်ကြောင်း ပြောကြားခဲ့။
- ထိုင်းနိုင်ငံမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon က မြန်မာ- ထိုင်းနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများသည် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များအတွက် စွမ်းရည်မြှင့်သင်တန်းများ၊ ခေတ်မီနည်းပညာသုံးပစ္စည်းများ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းဆောင်ရွက်နေသော အောက်ခြေအဆင့်တပ်ဖွဲ့ဝင်များ အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိရန်၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်နိုင်ရန် မကြာခဏ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့။
အစည်းအဝေးတွင် နှစ်နိုင်ငံကိုယ်စားလှယ်များက မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်ဖြေရှင်းရာ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် (၂၅)ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၃)
- (၂၄)ကြိမ်မြောက် မြန်မာ-ထိုင်းနှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေးတွင် နှစ်နိုင်ငံကိုယ်စားလှယ်များက မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်ဖြေရှင်းရာ၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများ၊ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ဖြစ်စဉ်များ၊ နှစ်နိုင်ငံအကြား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များနှင့် (၂၅)ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံမှ အလှည့်ကျအိမ်ရှင်အဖြစ် ကျင်းပနိုင် ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
Add new comment