“(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဆေးသုတေသနဦးစီးဌာန၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ တွင်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ အဖွင့်အမှာစကားပြောကြားခဲ့ ပါသည်။
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက အမှာစကားပြောကြားရာတွင်-
- ယခုနှစ်ညီလာခံ၏ အဓိကဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “The Fight Against Zoonotic Diseases: A One Health Approach” - “တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို တစ်ခုတည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့” ဟုသတ်မှတ်၍ ကျင်းပခြင်းဖြစ်ကြောင်း။
- သုတေသနများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးရှိမည့် ကျန်းမာရေးသုတေသနများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
- သုတေသနစာတမ်းရှင်များအနေဖြင့် ကျန်းမာရေးအသိပညာဖလှယ်မှု (Knowledge Sharing & Management) ပိုမိုခိုင်မာကျယ်ပြန့်လာစေရန် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကဘဲ ပြည်တွင်း/ပြည်ပသုတေသနဂျာနယ်များတွင် သုတေသန တွေ့ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တပ်မတော်ဆေးသုတေသနတပ်မှ တာဝန်ရှိသူများက သုတေသနပိုစတာပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။
ညီလာခံပထမနေ့နှင့် ဒုတိယနေ့စာတမ်းဖတ်ပွဲတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်း စုစုပေါင်း ၂၇ စောင်ကို စာတမ်းရှင်များက ဖတ်ကြားတင်သွင်းခဲ့ကြပြီး တက်ရောက်လာသူများက မေးမြန်းဆွေးနွေး အကြံပြုကြသည်။
ညီလာခံကို ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အခြေခံသုတေသနစာတမ်း(၁၈)စောင်၊ အသုံးချစာတမ်း(၃၂)စောင်၊ ကျန်းမာရေးစနစ်သုတေသန စာတမ်း(၈)စောင်၊ ပိုစတာစာတမ်း(၃၄)စောင် စုစုပေါင်းစာတမ်း (၉၂)စောင် တင်သွင်း ဖတ်ကြားပြသသွားမည်ဖြစ်ပြီး ညီလာခံသို့ တင်သွင်းလာသည့် စာတမ်းများမှ အခြေခံသုတေသန (Basic Research) စာတမ်းဆုများ၊ လက်တွေ့အသုံးချသုတေသန (Applied Research) စာတမ်းဆုများ၊ ကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်းဆုများ၊ ပိုစတာစာတမ်းဆုများနှင့် လူငယ်သုတေသီဆုများကို စာတမ်းဆုရွေးချယ်ရေးဆပ်ကော်မတီက စိစစ်ရွေးချယ်၍ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံ Pusan National University နှင့် ဂျပန်နိုင်ငံ Miyazaki University တို့မှ ပညာရှင်များက လူကိုယ်တိုင်တက်ရောက်၍ လည်းကောင်း၊ အမေရိကန်နိုင်ငံ University of California Davis မှ Online ဖြင့် တက်ရောက်၍လည်းကောင်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၂-၂၀၂၃)
- “(၅၁)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချူပ်၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ အဖွင့်အမှာစကား ပြောကြားခဲ့။
- သုတေသနများဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံနှင့် ပြည်သူလူထုအတွက် အကျိုးရှိမည့် ကျန်းမာရေးသုတေသနများကို ဆောင်ရွက်ရမည်ဖြစ်။
- သုတေသနစာတမ်းရှင်များအနေဖြင့် ကျန်းမာရေးအသိပညာဖလှယ်မှု (Knowledge Sharing & Management) ပိုမိုခိုင်မာကျယ်ပြန့်လာစေရန် ညီလာခံသို့ စာတမ်းတင်သွင်းရုံမျှမကဘဲ ပြည်တွင်း/ပြည်ပသုတေသနဂျာနယ်များတွင် သုတေသနတွေ့ ရှိချက်များကို ဖော်ပြနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန်လို။
- ညီလာခံပထမနေ့နှင့် ဒုတိယနေ့စာတမ်းဖတ်ပွဲတွင် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်း စုစုပေါင်း ၂၇ စောင်ကို စာတမ်းရှင်များက ဖတ်ကြားတင်သွင်းခဲ့။
Add new comment