နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုမိန့်ခွန်းပေးပို့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့် ဂုဏ်ပြုမိန့်ခွန်း

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်)

အားလုံးမင်္ဂလာပါ-

ဒီနေ့ကျင်းပပြုလုပ်တဲ့ “(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို တက်ရောက်လာကြတဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျန်းမာရေးပညာရှင်များ၊ သုတေသနပညာရှင်များနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ၊ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုတောင်းလျက် ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။

အခုလိုကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကြီးကို ဆောင်ရွက်ခြင်းဖြင့် ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာပညာရပ်များ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းမြင့်မားလာစေဖို့နဲ့ သုတေသနတွေ့ရှိချက်များကို လက်တွေ့ အသုံးချမယ့် သက်ဆိုင်ရာကျန်းမာရေးပညာရှင်များ သိရှိဆွေးနွေးပြီး အသိပညာဖလှယ်နိုင်စေဖို့စတဲ့ ရည်ရွယ်ချက်များချမှတ်ပြီး ကျင်းပတာဖြစ်ကြောင်း သိရှိရပါတယ်။

ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကြီးကို ၁၉၆၅ ခုနှစ်က စတင်ကျင်းပခဲ့ပြီး အစောပိုင်းနှစ်တွေမှာ သုတေသနစာတမ်းများအဖြစ်သာ တင်သွင်းဖတ်ကြားဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပေမယ့် ၁၉၉၁ ခုနှစ်ကစပြီး သုတေသနပိုစတာပြပွဲနဲ့ ၂၀၀၂ ခုနှစ်ကစပြီး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ဆွေးနွေးပွဲ(Symposium)တွေကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းကျင်းပခဲ့ပါတယ်။ သုတေသီပညာရှင်များရဲ့ သုတေသနအရည်အသွေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေပြီး ကြိုးစားယှဉ်ပြိုင်မှုရှိလာစေရေးအတွက် စာတမ်းတွေကို တင်ပြရာမှာ အလေးထားအားထုတ်မှုရှိလာစေဖို့အတွက် ၁၉၉၃ ခုနှစ်ကစပြီး အကောင်းဆုံးစာတမ်းဆုတွေ၊ အကောင်းဆုံးပိုစတာဆုတွေချီးမြှင့်ခဲ့ပါတယ်။ မျိုးဆက်သစ်သုတေသီလူငယ်တွေကိုလည်း အားပေးဂုဏ်ပြုနိုင်ဖို့အတွက် ၂၀၁၀ ပြည့်နှစ်ကစလို့ လူငယ်သုတေသီ ဆုချီးမြှင့်ခြင်းကိုလည်း ထည့်သွင်းဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

အခု(၅၁)ကြိမ်မြောက် သုတေသနညီလာခံကြီးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ( ၅ ) ရက်ကျင်းပမှာဖြစ်ပြီး ညီလာခံကြီးကို ပေးပို့လာတဲ့ သုတေသနစာတမ်းတွေအနက် အခြေခံသုတေသနစာတမ်း၊ အသုံးချသုတေသနစာတမ်း၊ လူမှုရေးနဲ့ ကျန်းမာရေးစနစ်သုတေသနစာတမ်းနဲ့ သုတေသနပိုစတာတွေကို ညီလာခံမှာ တင်သွင်းဖတ်ကြားနိုင်ဖို့ စာတမ်းကြီးကြပ်ရေးဆပ်ကော်မတီက စနစ်တကျ စိစစ်ရွေးချယ်ဆောင်ရွက်ထားကြောင်းနဲ့ ပိုစတာပြသခြင်းကို In-person ပုံစံနဲ့ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရှိရပါတယ်။ ညီလာခံမှာ သုတေသနစာတမ်း(၅၈)စောင်၊ သုတေသနပိုစတာ(၃၄)စောင် တင်သွင်းဖတ်ကြားပြသကြမှာဖြစ်ပြီး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ(၄)ခုကို ပြည်တွင်းပြည်ပက ပညာရှင်တွေနဲ့ ဆွေးနွေးကျင်းပမှာဖြစ်တယ်လို့လည်းသိရပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးမြှင့်တင်မှုမှာ ထိရောက်မယ့် ဆောင်ရွက်ချက်များဖြစ်တဲ့အတွက် လေးစားဂုဏ်ယူပါကြောင်းပြောကြားလိုပါတယ်။

ဒီနေ့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ အပါအဝင် အသစ်ဖြစ်ပေါ်လာတဲ့ ကူးစက်ရောဂါများ (Emerging Infectious Diseases)နဲ့ ကမ္ဘာ့ကပ်ရောဂါ (Pandemics)အများစုဟာ တိရစ္ဆာန်တွေကနေ စတင်အခြေပြုဖြစ်ပေါ်လာတဲ့ရောဂါများ (Zoonotic Diseases) ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့် ယခုနှစ်သုတေသနညီလာခံရဲ့ အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ် ( Theme ) အဖြစ် “The Fight Against Zoonotic Diseases: A One Health Approach” “တိရစ္ဆာန်မှတစ်ဆင့် ကူးစက်နိုင်သောရောဂါများကို တစ်စု တည်းသော ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုဖြင့် ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့လို့ သတ်မှတ်ထားပြီး ၎င်းနဲ့ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲကို ပြည်တွင်း/ ပြည်ပပညာရှင်များပါဝင်ပြီး အတွေ့အကြုံတွေကို တင်ပြဆွေးနွေးကာ အသိအမြင်ချင်းဖလှယ်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ရလဒ်ကောင်းများထွက်ပေါ်လာမယ်လို့လည်း ယုံကြည်ပါတယ်။

ယနေ့ကမ္ဘာနဲ့တစ်ဝန်း ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲနေရာမှာ အဆင့်မြင့်မော်လီကျူးဆိုင်ရာနည်းပညာတွေဟာ ရောဂါကုထုံးများ၊ ဆေးအသစ်ထုတ်ဖော်မှုများအတွက် များစွာအထောက်အကူပေးနေကြောင်း သက်သေသာဓကများစွာကို တွေ့နေရပြီဖြစ်ပါတယ်။ ဒီအချက်ကို တီဘီရောဂါနဲ့ အသည်းရောင်အသားဝါရောဂါတို့အတွက် မီးမောင်းထိုးပြမယ့် “ Clinical Significance of Molecular Techniques: A Focus on TB and Hepatitis B (တီဘီနှင့် အသည်းရောင်အသားဝါဘီရောဂါကုသရေးတွင် မော်လီကျူလာ နည်းပညာ၏ လက်တွေ့အသုံးဝင်ခြင်းဆိုင်ရာဆွေးနွေးပွဲ)” ကို မြန်မာနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့က သုတေသနသိပ္ပံပညာရှင်များက ဆွေးနွေးအသိပညာဖလှယ်မှုများ ပြုလုပ်မယ်လို့သိရပါတယ်။

ယနေ့အချိန်မှာ ကိုဗစ် - ၁၉ ရောဂါပိုး၊ သွေးလွန်တုပ်ကွေးလို ဗိုင်းရပ်စ်ပိုးများ၊ မျိုးကွဲ၊ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ရောဂါပြင်းထန်မှုများနဲ့ ကပ်ရောဂါအသွင်ဖြစ်ပွားမှုတွေကို လက်တွေ့ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။ ဒီလိုမျိုးရိုးဗီဇပြောင်းလဲလာမှုတွေကိုလည်း စဉ်ဆက်မပြတ် အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်လေ့လာဖို့နဲ့ ကာကွယ်ကုသရေးတို့အတွက် သုတေသနစွမ်းဆောင်ရည် တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်နေကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း လိုအပ်ချက်တွေကို ဆက်လက် ပံ့ပိုးဖြည့်ဆည်းပေး သွားမှာဖြစ်ပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း အားပေးသွားမှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာ မကူးစက်တတ်တဲ့ရောဂါများဖြစ်တဲ့ ကင်ဆာ၊ ဆီးချို၊ သွေးတိုးစတဲ့ ရောဂါတွေနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပွား တတ်တဲ့ရောဂါတွေကို ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ သုတေသနလုပ်ငန်းတွေကိုလည်း ဦးစားပေးဆောင်ရွက်ဖို့လိုအပ်ပါတယ်။ တိုင်းရင်းဆေးပညာနဲ့ပတ်သက်တဲ့ လက်တွေ့အသုံးချ သုတေသနတွေကတစ်ဆင့် ပြည်သူတွေ လက်တွေ့အကျိုးရှိစေရေးနဲ့ မိမိတို့နိုင်ငံရဲ့ တိုင်းရင်းဆေးပညာရပ်နဲ့ တိုင်းရင်းဆေးဝါးထုတ်ကုန်များ နိုင်ငံတကာကို ထိုးဖောက်နိုင်ရေးအတွက် တိကျခိုင်မာတဲ့ သုတေသနပြုထားတဲ့ အချက်အလက်တွေ ပိုမိုရရှိဖို့အတွက်ကိုလည်း တိုင်းရင်းဆေးပညာရှင်ကြီးများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက လက်တွေ့အသုံးချသုတေသန (Implementation Research Grant)တွေအတွက် နှစ်စဉ်သုတေသနထောက်ပံ့ကြေးတွေ ပေးခဲ့ရာမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သုတေသနအဆိုပြုလွှာ ကနဦးစိစစ် ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးထားတဲ့ သုတေသနစီမံချက်(၁၇၃)ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ ၃)သန်းကို ခွဲဝေထောက်ပံ့ပေးပြီးဖြစ်တာကြောင့် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ကျန်းမာရေးသုတေသနလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ပြည်သူ့အကျိုးကို ရှေးရှုပြီး ပြည်သူများရဲ့ မျှော်မှန်းသက်တမ်း ယခုထက်ပိုမိုမြင့်မားလာစေဖို့အတွက် အခြေခံကျန်းမာရေးကောင်းမွန်ရေးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်စားသောက်ရေး၊ ရောဂါများ ကူးစက်ဖြစ်ပွားတတ်တဲ့ သဘောသဘာဝကို သိရှိကာကွယ်နိုင်ရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်အောင်ဆောင်ရွက်ပေးကြဖို့လိုပါတယ်။ ဒါ့အပြင်တိုင်းရင်းဆေးပညာဆိုင်ရာသုတေသနများ၊ နိုင်ငံတကာနဲ့ သုတေသနဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းများကို သုတေသနကျင့်ဝတ်များနဲ့အညီ တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိရတဲ့အချက်များကိုလည်း အခုလိုညီလာခံများကျင်းပခြင်း၊ ပြည်တွင်း/ပြည်ပသုတေသနဂျာနယ်များ၊ စာစောင်များထုတ်ဝေခြင်းစတဲ့ ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်း တွေကို ဆောင်ရွက်ပေးကြဖို့လည်း အလွန်အရေးကြီးပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ဦးတည်ချက်(၁၂)ရပ်အနက် လူမှုရေးဦးတည်ချက်တစ်ခုဖြစ်တဲ့ နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ် ဖြစ်ပေါ်လာရေးကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

အမျိုးသားကျန်းမာရေးသုတေသနမူဝါဒမှာပါရှိတဲ့ ကောင်းမွန်သော သုတေသနအလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးခြင်းနှင့် သုတေသနလုပ်ငန်းဆောင်ရွက်နိုင်ရန် ကောင်းမွန်သော ပတ်ဝန်းကျင်အခြေအနေ ဖန်တီးပေးခြင်းဖြင့် သင်ကြားရေးဆိုင်ရာဌာနများတွင် သုတေသနဆောင်ရွက်ရန် အားပေးရမည် ဆိုတဲ့ မူဝါဒနဲ့အညီ မိမိတို့နိုင်ငံမှာ အရာရာကို လေ့လာစူးစမ်းသုတေသနပြုလုပ်ပြီးမှ လုပ်ငန်းများကို ဆောင်ရွက်လိုတဲ့ စိတ်နေစိတ်ထား၊ တစ်နည်းအားဖြင့် သုတေသနပြုလိုတဲ့စိတ် (Research minded)ရှိတဲ့ လူငယ် လူရွယ်တွေ ပညာရှင်တွေ များစွာပေါ်ထွက်လာ အောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်ပေါ်တိုးတက်လာနိုင်ဖို့ ငယ်စဉ်ကျောင်းသားဘဝကတည်းက သုတေသနပြုလုပ်လိုတဲ့ ဝါသနာအလေ့အကျင့်ပါလာအောင် ပျိုးထောင်နိုင်ဖို့အတွက် ယခုလိုကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံများ စဉ်ဆက်မပြတ် ကျင်းပပေးနေဖို့ လိုအပ်ပါတယ်။

တစ်ချိန်တည်းမှာ အမျိုးသားကျန်းမာရေးသုတေသနမူဝါဒမှာ ပါရှိတဲ့ ကျန်းမာရေးသုတေသနနှင့် သင်ကြားရေးဆိုင်ရာဌာနများတွင် ကောင်းစွာသက်ဝင်လှုပ်ရှားနေသည့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော သုတေသနဆောင်ရွက်မှုစနစ်တစ်ရပ် ထူထောင်ရမည်ဆိုတဲ့ အချက်ကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ သုတေသနပြုလုပ်မယ့် သုတေသီတွေအနေနဲ့ မိမိတို့လုပ်ဆောင်တဲ့ သုတေသနတွေဟာ မှန်ကန်တိကျပြီး မိမိတို့သုတေသနပြုလုပ်တဲ့ လူနာတွေ၊ ပြည်သူတွေအတွက် ကောင်းကျိုးကိုသာဖြစ်စေမယ်ဆိုတဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိတဲ့ ကျင့်ဝတ်နဲ့ညီတဲ့ သုတေသန (Responsible Conduct of Research)များသာ ဖြစ်ရမယ်ဆိုတာကို စွဲစွဲ မြဲမြဲသိရှိလိုက်နာဆောင်ရွက်ပေးဖို့ အထူးအရေးကြီးလှပါတယ်။

ညီလာခံကြီးကို အောင်မြင်စွာကျင်းပနိုင်ဖို့ လုပ်ငန်းတာဝန်တွေ သတ်မှတ်ပြီး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရတဲ့အတွက် ညီလာခံကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ဆပ်ကော်မတီဝင်များအားလုံး စာတမ်း၊ ပိုစတာများ ဖတ်ကြားတင်သွင်းသူ သုတေသီများ၊ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွေ မှာ ပါဝင်ဆွေးနွေးကြသူ ပြည်တွင်း/ပြည်ပပညာရှင်များတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်းနဲ့ မှတ်တမ်းတင်ချီးကျူးပါကြောင်း အလေးထားထည့်သွင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့-

  • ယခုကျင်းပတဲ့ (၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကြီးမှာ တင်ပြတဲ့ သုတေသနစာတမ်းများ၊ သုတေသနပိုစတာများနဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ဆွေးနွေးပွဲများကနေ သုတေသနရလဒ်ကောင်း ရရှိအောင် တိုင်ပင် ဆွေးနွေးပေးကြပါ။
  • ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေထိုင်နိုင်ရေးနဲ့ လူတိုင်းရောဂါဘယကင်းရှင်းရေးကို ထိရောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ပေးကြပါ။

ဆေးသုတေသနဦးစီးဌာနရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ဆေးသုတေသနတွေ့ရှိချက်တွေကို အသုံးချခြင်းဖြင့် မြန်မာနိုင်ငံသားများ ပိုမိုကျန်းမာလာစေရေးမျှော်မှန်းချက်ကို မျက်ဝါးထင်ထင် အကောင်အထည်ဖော်စေနိုင်တဲ့ (Evidence-based research  findings)များဟာ ခိုင်မာတိကျတဲ့ ရလဒ်အခြေပြု သုတေသနတွေ့ရှိချက်များဖြစ်တယ်လို့ ယုံကြည်ပါကြောင်းနဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မယ့် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးတွန်းအားပေးမယ့် သုတေသနကောင်းများကို သုတေသီပညာရှင်များ စွမ်းစွမ်းတမံ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၂-၂၀၂၃)

 

  • (၅၁) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံတွင် သုတေသနစာတမ်း(၅၈)စောင်၊ သုတေသနပိုစတာ(၃၄)စောင် တင်သွင်းဖတ်ကြားပြသကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ()ခုကို ပြည်တွင်းပြည်ပမှ ပညာရှင် များနှင့် ဆွေးနွေးကျင်းပမှာဖြစ်။
  • ယနေ့အချိန်တွင် ကိုဗစ် - ၁၉ ရောဂါပိုး၊ သွေးလွန်တုပ်ကွေးကဲ့သို့ ဗိုင်းရပ်စ်ပိုးများ၊ မျိုးကွဲ၊ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ရောဂါပြင်းထန်မှုများနဲ့ ကပ်ရောဂါအသွင်ဖြစ်ပွားမှုများကို လက်တွေ့ရင်ဆိုင်နေကြရပြီဖြစ်။
  • မျိုးရိုးဗီဇပြောင်းလဲလာမှုများကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်လေ့လာရန်နှင့် ကာကွယ်ကုသရေးတို့အတွက် သုတေသနစွမ်းဆောင်ရည် တိုးတက်မြင့်မားအောင် ကြိုးပမ်းဆောင်ရွက်နေကြရမှာဖြစ်။
  • နိုင်ငံတော်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း သုတေသနအဆိုပြုလွှာ ကနဦး စိစစ်ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးထားသည့် သုတေသနစီမံချက်(၁၇၃)ခုအတွက် စုစုပေါင်းရန်ပုံငွေ ကျပ်သန်းပေါင်း (၆၇၇ ဒသမ )သန်းကို ခွဲဝေထောက် ပံ့ပေးပြီးဖြစ်သောကြောင့် ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလို။
  • တိုင်းရင်းဆေးပညာဆိုင်ရာသုတေသနများ၊ နိုင်ငံတကာနှင့် သုတေသနဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းများကို သုတေသနကျင့်ဝတ်များနှင့်အညီ တိုးမြှင့်ဆောင်ရွက်ပြီး တွေ့ရှိချက်များကို ညီလာခံများကျင်းပခြင်း၊ ပြည်တွင်း/ပြည်ပသုတေသန ဂျာနယ် များ၊ စာစောင်များထုတ်ဝေခြင်းစသည့် ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ အသိပေးခြင်း၊ သတိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန် အလွန်အရေးကြီး။
  • သုတေသီတွေအနေဖြင့် မိမိတို့သုတေသနပြုလုပ်သော လူနာများ၊ ပြည်သူများအတွက် ကောင်းကျိုးကိုသာ ဖြစ်စေမည်ဆိုသည့် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိသော ကျင့်ဝတ်နှင့်ညီသော သုတေသန (Responsible Conduct of Research) များသာ ဖြစ်ရမည်ဆိုသည်ကို စွဲစွဲမြဲမြဲသိရှိလိုက်နာဆောင်ရွက်ပေးရန် အထူးအရေးကြီး။

Add new comment