ပြည်ထောင်စုဝန်ကြီးများ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများမှ အကြီးအကဲများအား တွေ့ဆုံ

      နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့သည် အာရှဇုန်ရှိ ပြည်ပနိုင်ငံများမှ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးတို့မှ သံရုံးအကြီးအကဲများ၊ သံရုံးယာယီတာဝန်ခံများ၊ ကောင်စစ်ဝန်ချုပ်များ၊ လော့အိန်ဂျယ်လိစ်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်တို့နှင့် တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ တာဝန်များကို မလွှဲမရှောင်သာတာဝန်ယူနေရခြင်းဖြစ်ပြီး လက်ရှိကာလတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်တို့ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုလည်း ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း။
  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
  • တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း။
  • သံရုံးအကြီးအကဲများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို မိမိတို့တာဝန်ထမ်းဆောင်သည့် နိုင်ငံများရှိ အိမ်ရှင်အစိုးရများ သိရှိစေရန်အတွက် ဆောင်ရွက်သွားရန် တာဝန်ရှိကြောင်း။
  • သက်ဆိုင်ရာနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကိုလည်း ကူညီစောင့်ရှောက်သွားရန်လိုကြောင်း မှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က မြန်မာနိုင်ငံပြည်တွင်းအခြေအနေများ၊ မျက်မှောက်နိုင်ငံရေးအခြေအနေများ၊ မြန်မာနိုင်ငံအပေါ် ပထဝီနိုင်ငံရေးအရ သက်ရောက်မှု၊ သံရုံးအကြီးအကဲများအနေဖြင့် ပြည်ပနိုင်ငံများတွင် မြန်မာနိုင်ငံ၏လုပ်ဆောင်နေမှုနှင့် အခြေအနေမှန်အတိုင်း ပျံ့နှံ့အောင် အသိပေးဆောင်ရွက်သွားရန်၊ မိမိတို့လုပ်ငန်းတာဝန်အပေါ် ကျွမ်းကျင်ပိုင်နိုင်သစ္စာရှိစွာဖြင့် ထမ်းရွက်သွားကြရန်၊ သံရုံးဝန်ထမ်းများအကြား စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ နိုင်ငံတော်အကျိုးကို စုစည်းညီညွတ်စွာဖြင့် ကျေပွန်စွာ ထမ်းဆောင်သွားကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၃)

 

  • မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိ။
  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိ။
  • သံရုံးအကြီးအကဲများအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှန်များကို မိမိတို့ တာဝန်ထမ်းဆောင်သည့် နိုင်ငံများရှိ အိမ်ရှင်အစိုးရများ သိရှိစေရန်အတွက် ဆောင်ရွက်သွားရန် တာဝန်ရှိ။

Add new comment