မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော မီဒီယာနှင့် သက်တမ်းအမြင့်မားဆုံးသော ဌာနကြီးတစ်ခုဖြစ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်တွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက် ကြပြီးနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို အခမ်းအနားအစီအစဉ်အတိုင်းစတင်ကျင်းပကြ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့်အတိုင်း တာဝန်ကျေပွန်စွာဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် အကျိုးပြုခဲ့သည်မှာ (၇၇)နှစ် ကာလရှိခဲ့ပြီဖြစ်ကြောင်း။
- မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV ၏လုပ်ငန်းစဉ်များကို ဆန်းစစ်ကြည့်ပါက တစ်ဦး၊ တစ်ယောက်၊ တစ်ဖွဲ့တည်းဖြင့် လုပ်ဆောင်၍မရဘဲ အားလုံးပူးပေါင်းလုပ်ဆောင်မှုဖြင့်သာ အကောင်အထည်ဖော်ဆောင်ရွက်ရသည်ကို တွေ့မြင်ရ မည်ဖြစ်ကြောင်း။
- ထို့ကြောင့် ယနေ့အခမ်းအနားသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV အတွက် (၇၇)နှစ်ပြည့်မြောက်သည့်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်းဖြစ်သကဲ့သို့ MRTV ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ တစ်စိတ်တစ်ဝမ်းတည်းဖြစ်မှုတို့ကိုလည်း သက်သေပြခြင်းပင်ဖြစ်ကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက် (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အကြိုအဖြစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် MRTV News Channel နှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်ပြသနိုင်ရေးအတွက် ဖွင့်လှစ်ပေးခဲ့ကြောင်း။
- MRTV News Channel ကို အသွင်သစ်၊ အမြင်သစ်၊ ပုံစံသစ်နှင့် အရန်စတူဒီယိုမှ ပူးပေါင်းထုတ်လွှင့်ခဲ့ရာမှ ယခုအခါစတူဒီယိုအသစ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ်သန်း (၁,၁၅၀) (ငွေကျပ်သန်းတစ်ထောင့်တစ်ရာငါးဆယ်) အသုံးပြုကာ သတင်းထုတ်လွှင့်ခန်းနှင့် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ပြီးဖြစ်ပြီး ယခုအခမ်းအနားအပြီးတွင် ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်သည့်အတွက် သီးသန့်စတူဒီယိုအဖြစ် စတင်အသုံးပြုပြီး ထုတ်လွှင့်နိုင်တော့မည်ဖြစ်ကြောင်း။
- နိုင်ငံနှင့် ပြည်သူအကျိုးကို မီဒီယာနှင့်ဝန်ဆောင်မှုပေးနေသည့် MRTV သည် တိုင်းရင်းသားဘာသာစကားအမျိုး(၂၀)နှင့် ဘာသာစကားများစွာ ထုတ်လွှင့်နိုင်မှုကြောင့် ကမ္ဘာ့အလယ်တွင် ထူးခြား၊ ထင်ရှားသည့် ရုပ်သံလွှင့်ဌာနကြီးအဖြစ် ရပ်တည်နေသည်ကိုလည်း သိရှိရသည့်အတွက်ဌာနနှင့် ထပ်တူ ဂုဏ်ယူကြောင်းလည်း ပြောကြားလိုကြောင်း။
- ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း မူလလုပ်ငန်းတာဝန်များအပြင် သီးခြားပေးအပ်လာသည့် လုပ်ငန်းတာဝန်များအပေါ် ကြိုးစားထမ်းဆောင်နေသကဲ့သို့ နိုင်ငံအတွင်း၌ အနုပညာလုပ်ငန်းများ ပုံမှန်အခြေအနေအတိုင်း ပြန်လည် လုပ်ကိုင်နိုင်စေရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ပေးနေသည်ကိုလည်း အသိအမှတ်ပြုပြောကြားလိုကြောင်း။
- နိုင်ငံတော်၏ သမိုင်းကြောင်းနှင့်အတူ ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် နေ့စဉ်တင်ဆက်နေသည့် သတင်းနှင့် အစီအစဉ်များ ပိုမိုအရည်အသွေးကောင်းမွန်စေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် ပြည်သူအကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ပေးစွမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့က အားကိုးအားထားပြုရသည့် ဌာနကြီးတစ်ခုဖြစ်အောင် ယခင်ကထက် ပိုမိုစည်းလုံးသည့်၊ ပိုမိုညီညွတ်သည့် စိတ်ကောင်းစေတနာအပြည့်ဖြင့် သယ်ပိုးစွမ်းဆောင်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က 10th ASEAN Quiz(Regional Level) ပြိုင်ပွဲအား နိုင်ငံတော်အဆင့်နှင့်အညီ ခမ်းနားထည်ဝါစွာ စီစဉ်ကျင်းပနိုင်မှုနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 အား အောင်မြင်စွာ စီစဉ်တင်ဆက်နိုင်မှုတို့အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအတွက် ဂုဏ်ပြုချီးမြှင့်ငွေ (၇၇) သိန်းကို ချီးမြှင့်ပေးအပ်ပြီးနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်တံဆိပ်နှင့် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီးနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရေဒီယိုထုတ်လွှင့်ခန်းများ၊ Myanma Radio (English FM Channel) အင်္ဂလိပ်ပိုင်းသတင်းနှင့် အစီအစဉ်များ ထုတ်လွှင့်နေမှုများကို ကဏ္ဍတစ်ခုချင်းစီအလိုက် စိတ်ဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းဟောင်းများ၊ သတင်းမီဒီယာများ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန်ရုံးမှဝန်ထမ်းများ၊ ထပ်ဆင့်လွှင့်စက်ရုံများမှ ဝန်ထမ်းများက Online မှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ယခုအခါ MRTV-HD၊ MRTV-News တို့အပြင် တိုင်းရင်းသားဘာသာ ၁၁ မျိုးဖြင့် ထုတ်လွှင့်နေသည့် Channel)တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုးချဲ့ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းကို ကချင်၊ ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ချင်း(ချိုး)၊ ချင်း(လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် “ဝ”ဘာသာစသည့် တိုင်းရင်းသား ၁၁ မျိုးဖြင့် ထုတ်လွှင့်ပေးလျက်ရှိသည့်အပြင် MRTV Website အပါအဝင် Online ဖြင့်လည်းကောင်း၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်း၍ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများကိုလည်းကောင်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၃)
- မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် သတင်းအချက်အလက်များ ပြန်ကြားပေးရန်၊ အသိပညာမျှဝေပေးရန်၊ ဖျော်ဖြေပေးရန်ဟူသည့်အတိုင်း တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် အကျိုးပြုခဲ့သည်မှာ (၇၇) နှစ် ကာလရှိခဲ့ပြီဖြစ်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက်(၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အကြိုအဖြစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် MRTV News Channel နှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်ပြသနိုင်ရေးအတွက် ဖွင့်လှစ်ပေးခဲ့။
- MRTV News Channel ကို အသွင်သစ်၊ အမြင်သစ်၊ ပုံစံသစ်နှင့် အရန်စတူဒီယိုမှ ပူးပေါင်းထုတ်လွှင့်ခဲ့ရာမှ ယခုအခါစတူဒီယိုအသစ်ကို နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ်သန်း (၁,၁၅၀) (ငွေကျပ်သန်းတစ်ထောင့်တစ်ရာငါးဆယ်) အသုံးပြုကာ သတင်း ထုတ်လွှင့်ခန်းနှင့် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်ပြီးပြီဖြစ်သဖြင့် သီးသန့်စတူဒီယိုအဖြစ် စတင်အသုံးပြုထုတ်လွှင့်နိုင်တော့မည်ဖြစ်။
- မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ပြည်သူအကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ပေးစွမ်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူတို့က အားကိုးအားထား ပြုရသည့် ဌာနကြီးတစ်ခုဖြစ်အောင် ယခင်ကထက် ပိုမိုစည်းလုံးညီညွတ်သည့် စိတ်ကောင်းစေတနာအပြည့်ဖြင့် သယ်ပိုးစွမ်းဆောင်ပေးကြရန်။
Add new comment