ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကြီးမှူးကျင်းပသည့် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ အာဆီယံ-ရုရှားဝန်ကြီးများအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် Virtual စနစ်ဖြင့်ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သိပ္ပံနှင့်အဆင့်မြင့်ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. Valery Falkov နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံစသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဝန်ကြီးများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် နိုင်ငံအလိုက်သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်တွင် ဦးစားပေးဆောင်ရွက်မှုကို အသိပညာများ မျှဝေဖလှယ်ခဲ့ကြပြီး ရုရှားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေး ပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသည် သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ အာဆီယံနှင့် ရုရှားနိုင်ငံအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ရုရှားနိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ တက္ကသိုလ်များ၊ ပညာရေးဆိုင်ရာ ကျောင်းများနှင့် သုတေသနစင်တာများအပြင် ပူးတွဲသုတေသနစီမံကိန်းများကိုပါ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၃)
- အစည်းအဝေးတွင် နိုင်ငံအလိုက်သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုနယ်ပယ်တွင် ဦးစားပေးဆောင်ရွက်မှုကို အသိပညာများ မျှဝေဖလှယ်ခဲ့ကြပြီး ရုရှားနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးပြောကြားခဲ့။
Add new comment