နိုင်ငံတကာဥပဒေစံနှုန်းများကို ချိုးဖောက်နေသော NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ ပညာရေးကဏ္ဍကို တိုက်ခိုက်ဖျက်ဆီးမှုများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ချက်

      ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများနှင့် စာသင်ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြပြီး CDM မလုပ်ဘဲ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေသည့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုများကို ပြုလုပ်ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမှ ဥပဒေအရတားမြစ်ထားသည့် စာသင်ကျောင်းများအား စစ်ရေးအရအသုံးပြုခြင်းကိုလည်း ပြုလုပ်လျက်ရှိကြောင်း နိုင်ငံတကာမှသိရှိနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးသတင်းထုတ်ပြန်ထားရှိပါသည်။

အသိပေးထုတ်ပြန်ချက်

၁။    တည်ဆဲဥပဒေများအရ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သတ်မှတ်ထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အာဏာရရှိရေးအတွက် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကိုကိုင်စွဲပြီး နိုင်ငံတော်၏ အနာဂတ်ဖြစ်သော လူငယ်များ၏ပညာရေးကဏ္ဍကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများ မဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ပြုလုပ်ခဲ့ကြပြီး CDM မလုပ်ဘဲ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိ နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူ ၆၆ ဦး နှင့် ဒဏ်ရာရသူ ၂၅ ဦး ရှိနေပြီဖြစ်သည်။ ထိုသို့ စာသင်ကျောင်းများအား တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဆရာ/ဆရာမများအား လုပ်ကြံသတ်ဖြတ်ခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ဥပဒေအရတားမြစ်ထားသည့် စာသင်ကျောင်းများအား စစ်ရေးအရအသုံးပြုခြင်းကိုလည်း ပြုလုပ်လျက်ရှိကြောင်း မြေပြင်စစ်ဆေးတွေ့ရှိ ချက်များအရ သိရှိရပါသည်။

၂။      ၂၀၀၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၄၂၇ တွင် လက်နက်ကိုင်ပဋိပက္ခကြောင့် စာသင်ကျောင်းများ၊ ဆေးရုံများပိတ်ထားရခြင်းကို ရှုံ့ချထားပြီး လက်နက်ကိုင်တိုက်ခိုက်သူများအနေဖြင့် ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်များ၊ ကျန်းမာရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ကြဉ်ရန် တိုက်တွန်းထားသည်။ ထို့အပြင် ကုလသမဂ္ဂအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားသော Global Coalition to Protect Education from Attack (GCPEA) အဖွဲ့အစည်းက ထုတ်ပြန်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း စာသင်ကျောင်းများနှင့် တက္ကသိုလ်များအား စစ်ရေးအရ အသုံးပြုခြင်းမှ ကာကွယ်ရန် လမ်းညွှန်ချက်များတွင်လည်း ပညာရေးနှင့်သက်ဆိုင်သောနေရာများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချခွင့်မရှိကြောင်း ဖော်ပြထားသကဲ့သို့ ကျောင်းအုပ်ချုပ်သူများ၊ ပညာရေးဝန်ထမ်းများကိုလည်း ဖိအားပေးအကြပ်ကိုင်ခြင်း၊ မက်လုံးပေးစည်းရုံးခြင်းများအား မပြုလုပ်ရန် တားမြစ်ထားပါသည်။

၃။       သို့သော် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များနှင့် သောင်းကျန်းသူအဖွဲ့အစည်းများသည် အစိုးရဆန့်ကျင်ရေးကို အကြောင်းပြ၍ စာသင်ကျောင်းများအား အတင်းအဓမ္မပိတ်ခိုင်းပြီး စစ်စခန်းများအဖြစ် အသုံးပြုလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာရှိ အထက(မိုးတားလေး)စာသင်ကျောင်းအတွင်း၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များက တပ်မတော်စစ်ကြောင်းများအားတိုက်ခိုက်ရန် စာသင်ကျောင်းဝန်းအတွင်း စစ်စခန်းသဖွယ် ဘန်ကာများ ဆောက်လုပ်ထားခြင်း၊ ကတုတ်ကျင်းများ ပြုလုပ်ထားခြင်း၊ သဲအိတ်ဘန်ကာများ ပြုလုပ်ထားခြင်းတို့ကို တွေ့ရှိရပြီး KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ဒေသခံပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပြီး စာသင်ကျောင်းများအား စစ်စခန်းများအဖြစ် အသုံးချ လျက်ရှိကြောင်း ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရသည့် ရွာသားများ၏ ရင်ဖွင့်စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိခဲ့ရပါသည်-

 “ကျောင်းသားတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို စစ်စခန်းအနေနဲ့ KIA နဲ့ PDF အဖွဲ့က ဘန်ကာတွေ လာလုပ်သွားတာပါ။ စစ်စခန်းလုပ်ပြီး ဒီမှာလဲ သူတို့ရံဖန် ရံခါနေပါတယ်။ သူတို့အင်အားကတော့ တစ်ခေါက်လာရင် အနည်းဆုံးအင်အား ၅၀ နဲ့ ၁၀၀ ကြားလာပါတယ်။ သဲအိတ်တွေကိုတော့ ပြီးခဲ့တဲ့ ၁၂ လပိုင်းလောက်က ကျွန်တော်တို့ရွာကိုလာပြီး သူတို့စစ်စခန်းချတဲ့အချိန်မှာ အကာအကွယ်အနေနဲ့ သူတို့လုပ်သွားတာပါ။ ကျွန်တော်တို့ ရွာကိုလာရင် သူတို့တွေ ဒီစာသင်ကျောင်းမှာပဲ စတည်းချပြီး နေတာများတယ်ဗျ။ ကလေးတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို အကာအကွယ်လုပ်၊ ခုတုံးလုပ်ပြီးနေတယ်လို့ပဲ ကျွန်တော်တို့ကတော့ အဲဒီလိုပဲထင်တယ်ဗျ။ စာသင်ကျောင်းတစ်ဝန်းလုံးအနက် အကာအကွယ်တွေ ဘန်ကာတွေဆောက်ထားတာ ရွာသားတွေကိုခေါပြီး အတင်းအဓမ္မခိုင်းပြီးမှ လုပ်ခိုင်းတာဗျ။ များသောအားဖြင့် ဒီကောင်တွေ ဒဏ်ကိုခံရတာကတော့ ထမင်းတွေချက်ကျွေးရတယ်။ တစ်အိမ်လျှင် ထမင်းသုံးနပ် ရံဖန်ရံခါဆိုရင် ဆက်ကြေးအနေနဲ့ ပိုက်ဆံကောက်ခံတာတွေလည်းရှိတယ်။ ကျွန်တော်တို့ ကျေးရွာသားတွေအနေနဲ့ကတော့ KIA/PDF တွေလာတာကို လုံးဝမနှစ်သက်ပါဘူး။ ကျေးရွာကလည်း ဒီကောင်တွေ ဒဏ်ခံရတာ အမြဲတမ်းလစဉ်လိုလိုဖြစ်နေတော့ ဒီအဖွဲ့ အစည်းကို လုံးဝလက်မခံပါဘူး။

 “ကလေးတွေ ကျောင်းတက်တဲ့ စာသင်ကျောင်းကို အကာအကွယ်လာလုပ်တာ စစ်စခန်းလာလုပ်တာကတော့ ၁၂ လပိုင်း လလယ်လောက်ကစတာပါ။ သူတို့ကို စားစရာသောက်စရာ၊ ဆန်တွေ၊ ဆီတွေ လုပ်ပေးရပါတယ်။ အခုလိုအကြမ်းဖက်အဖွဲ့အစည်းတွေ လုပ်ရပ်တွေကို ကျွန်တော့် အနေနဲ့လုံးဝ သဘောမကျပါဘူး။

၄။   လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ၎င်းကျေးရွာ၏ စာသင်ကျောင်းအတွင်းရှိ အကြမ်းဖက်သမားများ ဆောက်လုပ်ထားသော စစ်စခန်းများအား ရွာသူရွာသားများနှင့်အတူတကွ ပြန်လည်ဖျက်ဆီးခဲ့ပြီး ကျောင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းအပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law) တွင် ဖော်ပြထားသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရများအနေဖြင့် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့များက စာသင်ကျောင်းများအား အသုံးပြုခြင်းကို ထိထိရောက်ရောက်တားဆီးပေးရန် တိုက်တွန်းချက်အရ ပညာရေးကဏ္ဍအား အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဖျက်ဆီးနေမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးအစီအမံများအား ဆောင်ရွက်လျက်ရှိပါသည်။

၅။      NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် နိုင်ငံတကာဥပဒေများ၊ ပြဌာန်းချက်များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်နေသော်လည်း အချို့သောနိုင်ငံ များ၊ အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များကို မသိကျိုးကျွံပြုကာ ၎င်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း၊ မီဒီယာများပေါ်တွင် အားပေးထောက်ခံခြင်းများကို ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ပြုလုပ်နေမှုများသည် အပြစ်မဲ့ပြည်သူများ၏ ဘဝလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိပြီး နိုင်ငံတော်၏အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ၏ ပညာသင်ကြားရေးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်သမားများအား အားပေးအားမြှောက်ပြုနေခြင်းဖြစ်ပြီး ထိုသို့ အားပေးအားမြှောက်ပြုနေခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ကြိုးပမ်းနေမှုများအား နှောင့်နှေးကြန့်ကြာစေမည်ဖြစ်ကြောင်း သတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ KIA အဖွဲ့နှင့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်၏အနာဂတ်ဖြစ်သော ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို ဖျက်ဆီးပြီး ၎င်းတို့၏လက်နက်ကိုင်တိုက်ခိုက်မှုအတွက် စာသင်ကျောင်းများအား စစ်စခန်းများသဖွယ် အကာအကွယ်ယူ အသုံးချတိုက်ခိုက်နေမှုများအား နိုင်ငံတကာက သိရှိနိုင်ရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၃)

 

  • ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ်များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်းများမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ် ပြုလုပ်ခဲ့ကြပြီး CDM မလုပ်ဘဲ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိ နိုင်ငံ့ဝန်ထမ်းကောင်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူ ၆၆ ဦး နှင့် ဒဏ်ရာရသူ ၂၅ ဦး ရှိနေပြီဖြစ်။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာရှိ အထက(မိုးတားလေး)စာသင်ကျောင်းအတွင်း၌ KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ များက စာသင်ကျောင်းဝန်းအတွင်း စစ်စခန်းသဖွယ် ဘန်ကာများ ဆောက်လုပ်ထားခြင်း၊ ကတုတ်ကျင်းများ ပြုလုပ်ထားခြင်း၊ သဲအိတ်ဘန်ကာများ ပြုလုပ်ထားခြင်းတို့ကို တွေ့ရှိရ။
  • NUGCRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို မသိကျိုးကျွံပြုကာ တစ်ချို့သောနိုင်ငံများက ၎င်းအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း ပြုလုပ်နေမှုများသည် အပြစ်မဲ့ပြည်သူများ၏ ဘဝလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ခြိမ်းခြောက်ဖျက်ဆီးလျက်ရှိပြီး နိုင်ငံတော်၏အနာဂတ်ဖြစ်သည့် ကလေးသူငယ်များ၏ ပညာသင်ကြားရေးအား ဆင်ခြင်တုံတရားကင်းမဲ့စွာ နှောင့်ယှက်ဖျက်ဆီးလျက်ရှိသော အကြမ်းဖက်သမားများအား အားပေးအားမြှောက်ပြုနေခြင်းဖြစ်။

Add new comment