နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားမြို့၌ လီဆူတိုင်းရင်းသားများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်၊  ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး  ဦးစောထွန်းအောင်မြင့်၊   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဇန်နဝါရီလ ၉ ရက်တွင် မြစ်ကြီးနားမြို့သို့  အထူးလေယာဉ်ဖြင့်ရောက်ရှိခဲ့ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။

မလိခရိပ်သာဧည့်ခန်းမဆောင်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများထံ  ကချင်ရိုးရာဓား၊ လွယ်အိတ်နှင့် ခေါင်းပေါင်းတို့ကို ဂါဝရပြုပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ လီဆူရိုးရာယဉ်ကျေးမှုကွင်း၌ မြန်မာနိုင်ငံလီဆူ စာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသားမျိုးနွယ်စုများနှင့်တွေ့ဆုံ၍ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွက်  လိုအပ်ချက်များကိုတင်ပြခြင်း၊ လီဆူတိုင်းရင်းသားတို့၏ ရိုးရာ'ဇာဇော်'အား ဂါဝရပြုပေးအပ်ခြင်း၊ လီဆူရိုးရာ ကွာချဲအကဖြင့် ကပြဖျော်ဖြေခဲ့ခြင်းများဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လီဆူစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေ များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ကူးတံတားအမှတ်(၂) တည်ဆောက်ရေးစီမံကိန်းနေရာ၌ တံတားသစ်တည်ဆောက်နေမှုအခြေအနေများ၊ မြစ်ကြီးနားတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ ဌာနမှူးများ၊ ဝန်ထမ်းများအား တွေ့ဆုံအားပေးကာ တက္ကသိုလ်စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၌ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရေကူးပြေးလမ်း ၁ဝ လမ်းပါ (၅ဝ မီတာ၊ ၂၅ မီတာ)ရှိ ရေကူးကန်တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

  • · နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနားမြို့ လီဆူရိုးရာယဉ်ကျေးမှုကွင်း၌ မြန်မာနိုင်ငံ လီဆူစာပေနှင့်ယဉ်ကျေးမှု ဗဟိုကော်မတီအဖွဲ့ဝင်များ၊ တိုင်းရင်းသား မျိုးနွယ်စုများနှင့် တွေ့ဆုံခဲ့။
  • · လီဆူတိုင်းရင်းသားတို့၏ ရိုးရာ'ဇာဇော်'အား ဂါဝရပြုပေးအပ်ခြင်း၊ လီဆူရိုးရာ ကွာချဲအကဖြင့် ကပြဖျော်ဖြေခဲ့ခြင်းများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့။
  • · နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကူးတံတား အမှတ် (၂)တည်ဆောက်ရေးစီမံကိန်း၊ မြစ်ကြီးနားတက္ကသိုလ်နှင့်  သီတာရပ်ကွက်ရှိ ရေကူးပြေးလမ်း ၁ဝ လမ်းပါ (၅ဝ မီတာ၊ ၂၅ မီတာ) ရှိ ရေကူးကန်တည်ဆောက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။

 

Add new comment