မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါပင့်ဆောင်ပူဇော်ခြင်းမဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ တပ်ကုန်းမြို့၊ မဟာသီဟနာဒကျောင်းတိုက်ဆရာတော်၊ လယ်ဝေးမြို့၊ အင်းသာအရှေ့ကျောင်းတိုက်ဆရာတော်၊ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ်၊ ဝဲကြီးစာသင်တိုက်ဆရာတော်နှင့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ရေးဩဝါဒါစရိယ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ်ဆရာတော်အမှူးပြုသည့် ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
အခမ်းအနားတွင် ဆရာတော်ကြီးများအမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင်တော်၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဆင်းတုတော်အပိုင်း(၄)အား ထည့်သွင်းထားသည့် သံမဏိရတနာပန်းတောင်းတော်နှင့် ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ(၃)ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်ခဲ့ ကြပါသည်။
မင်္ဂလာအချိန်တော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ စက်ခလုတ်နှိပ်၍ မင်္ဂလာစက်ယန္တရားများဖြင့် စတင်ပင့်ဆောင်ပူဇော်ခဲ့ပါသည်။ ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ခြင်းလုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်ခဲ့ပြီး မဟာမင်္ဂလာအခမ်းအနားအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြပါသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ စတင်ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၄)၏ စုစုပေါင်းအလေးချိန်မှာ တန် ၅၀၀ ဖြစ်ကြောင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး စုစုပေါင်းအလေးချိန်မှာ ၁,၇၀၀ တန်ရှိပြီး ဇန်နဝါရီလ ၂၆ ရက် မင်္ဂလာအချိန်တွင် ရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၂-၂၀၂၃)
- မင်္ဂလာအချိန်တော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၄)အား ရတနာပလ္လင်တော်ထက်သို့ စက်ခလုတ်နှိပ်၍ မင်္ဂလာစက်ယန္တရား များဖြင့် စတင်ပင့်ဆောင်ပူဇော်ခဲ့။
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ သံမဏိမျှော်စင်ဝန်ချီစက်အသုံးပြု၍ စတင်ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော် အပိုင်း (၄)၏ စုစုပေါင်းအလေးချိန်မှာ တန် ၅၀၀ ဖြစ်။
- ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁/၂/၃) တို့ကို တွဲဆက်ထားသည့် ဆင်းတုတော်အစိတ်အပိုင်းကြီး စုစုပေါင်းအလေးချိန်မှာ ၁,၇၀၀ တန်ရှိပြီး ဇန်နဝါရီလ ၃၁ ရက်တွင် ပလ္လင်တော်ထက်သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ပြီးဖြစ်။
Add new comment