နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၂ ရက်တွင် ကျရောက်သော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ပေးပို့ခဲ့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-
- ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံးသည် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြ၍ ပြည်ထောင်စုကြီး နှစ်ပေါင်းထောင်ချီ အဓွန့်ရှည်တည်တံ့ခိုင်မြဲစွာ ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နေနိုင်ခဲ့ကြောင်း။
- သို့သော်လည်း အရင်းရှင်နယ်ချဲ့တို့၏ အကြိမ်ကြိမ် မတရားကျူးကျော် တိုက်ခိုက်မှုများကြောင့် ၁၈၈၆ ခုနှစ်မှစ၍ ကိုလိုနီနယ်ချဲ့အင်္ဂလိပ်လက်အောက်သို့ တစ်နိုင်ငံလုံးကျရောက်ခဲ့ကြောင်း။
- ကိုလိုနီနယ်ချဲ့တို့သည် ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံတော်စီရင်အုပ်ချုပ်မှုအက်ဥပဒေအရ ပြည်မတွင်အုပ်ချုပ်ရေးအာဏာကို တိုးမြှင့်ပေးခဲ့သော်လည်း တောင်တန်းဒေသများကို ချန်လှပ်ထားခဲ့ကာ တောင်တန်းပြည်မ ခွဲခြားအုပ်ချုပ်ခဲ့ကြောင်း။
- ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် တောင်တန်းပြည်မ ပေါင်းစည်းရေးအချက်(၉)ချက်ပါဝင်သည့် ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်းဆောင်ကြီး(၂၃)ဦးက လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် တောင်တန်းပြည်မ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အုတ်မြစ်ချနိုင်ခဲ့ကြောင်း။
- ယင်းကဲ့သို့ တိုင်းရင်းသားတို့ စည်းလုံးညီညွတ်မှုသန္ဓေတည်ခဲ့သော ပင်လုံစာချုပ်လက်မှတ်ရေးထိုးသည့် ဖေဖော်ဝါရီလ ၁၂ ရက်ကို “ပြည်ထောင်စုနေ့” ဟု နိုင်ငံတော်အစိုးရက အသိအမှတ်ပြုသတ်မှတ်ပေးခဲ့ကြောင်း။
- ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုအကျိုးဆက်အနေဖြင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးမှာ လွတ်လပ်ရေး၏ အနှစ်သာရကို အပြည့်အဝ မခံစားခဲ့ကြရဘဲ ယနေ့တိုင်သဘောထားကွဲလွဲမှုများ၊ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိကြောင်း။
- ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ တစ်နိုင်ငံလုံးလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန်နှင့် ငြိမ်းချမ်းရေး၏အရသာကို အပြည့်အဝခံစားနိုင်ရန် တိုင်းရင်းသားအားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရန်လိုကြောင်း။
- မိမိတို့နိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရာတွင် သင်ခန်းစာယူရမည့်အချက်ဖြစ်ကြောင်း။
- ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲစိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အန္တရာယ်ကိုဖြစ်စေသဖြင့် မတူကွဲပြားမှုများကို သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးထားစဉ်းစားကြရန် တိုက်တွန်းမှာကြား လိုကြောင်း။
- မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏တာဝန်ကို ထိန်းသိမ်းတာဝန်ယူစဉ်ကတည်းကပင် နိုင်ငံတော်၏ ပကတိလိုအပ်ချက်များဖြစ်သည့် အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
- ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ “တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘော တူညီချက်များအတိုင်း ဖြစ်နိုင်သမျှအလေးထားလုပ်ဆောင်သွားမည်” ဆိုသည့် လုပ်ငန်းစဉ်ကို အောင်မြင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
- နိုင်ငံရေးရည်မှန်းချက်(၂)ရပ်ဖြစ်သည့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ပဓာနကျသော ငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးက ပူးပေါင်းပါဝင်တည်ဆောက်ကြရမည်ဖြစ်ကြောင်း။
- ယခုအချိန်တွင် မိမိတို့နိုင်ငံနှင့် နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးကို ပျက်စီးဆုံးရှုံးစေလိုကြသည့် ပြည်တွင်း/ပြည်ပအဖျက်အမှောင့်သမားများနှင့် အကြမ်းဖက်အင်အားစုများက သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေကြသကဲ့သို့ ပြည်သူ လူထုအတွင်း အတွေးမှား၊ အမြင်မှား၊ လုပ်ရပ်မှားများ ဖြစ်ပေါ်လာစေရန်အတွက်လည်း သွေးဆောင်စည်းရုံးမှုများ လုပ်ဆောင်လျက်ရှိကြောင်း။
- ထို့အပြင် နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေကြသော ကိုလိုနီလက်သစ် ပြည်ပစွက်ဖက်မှုများနှင့် အတ္တအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်နေကြသူများကြောင့် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်ကို ဆင်ခြင်တုံတရားဖြင့် သတိထားကြရန် လိုအပ်ကြောင်း။
ထို့ကြောင့် ၂၀၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ ဖြစ်သော -
(၁) တိုင်းရင်းသားစည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်းတည်ဆောက်ရေး၊
(၂) ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိအောင် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး၊
(၃) တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ် အောင်မြင်စေရေး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ညီလက်ညီလက်တွဲဆောင်ရွက်ရေး၊
(၄) ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရေး၊
(၅) တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရင်းနှီးချစ်ကြည်မှု၊ စည်းလုံးညီ ညွတ်မှု၊ စုစည်းလုပ်ဆောင်မှုတို့ဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး တို့ကို အောင်မြင်အောင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးချစ်ကြည်စွာ အကောင်ထည်ဖော်လျက် တိုင်းရင်းသားအချင်းချင်း ပေါင်းစုညီညာစည်းလုံးစွာဖြင့် ပြည်ထောင်စု၏ အသီးအပွင့်များကို မျှဝေခံစားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာ ပေးပို့အပ်ပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၂-၂၀၂၃)
- ရေရှည်တည်တံ့သော ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန်နှင့် ငြိမ်းချမ်းရေး၏အရသာကို အပြည့်အဝ ခံစားနိုင်ရန် တိုင်းရင်းသားအားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြရန်လို။
- မိမိတို့နိုင်ငံသမိုင်းတွင် လူမျိုးစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲအမျိုးမျိုးတို့ကြောင့် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြားကာ ပဋိပက္ခများဖြစ်ပွားနေသည်မှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည် ဆောက်ရာတွင် သင်ခန်းစာယူရမည့်အချက်ဖြစ်။
- ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲစိတ်ဓာတ်များသည် စည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး နိုင်ငံတော်ပြိုကွဲပျက်စီးမည့် အန္တရာယ်ကို ဖြစ်စေသဖြင့် မတူကွဲပြားမှုများကို သဟဇာတဖြစ်အောင် ပေါင်းစည်းနေထိုင်ကြရေး အလေးထားစဉ်းစားကြရန်။
- နိုင်ငံအတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ပြုလုပ်နေကြသော ကိုလိုနီလက်သစ် ပြည်ပစွက်ဖက်မှုများနှင့် အတ္တအကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်နေကြသူများကြောင့် ဖြစ်ပေါ် လာနိုင်သည့် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အန္တရာယ်ကို ဆင်ခြင်တုံတရားဖြင့် သတိထားကြရန် လိုအပ်။
Add new comment