ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CDF အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့်တိုက်ခိုက်

     ချင်းပြည်နယ်၊ ထန်တလန်မြို့သို့ CNF နှင့် CDF အကြမ်းဖက်အဖွဲ့များ၏ မကြာခဏပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့မှုစသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် မြို့နေပြည်သူများက မြို့မှယာယီတိမ်းရှောင်သွားခဲ့ပြီး ကျန်ရှိနေသည့် ပြည်သူလူထုအချို့နှင့် ယာယီ တိမ်းရှောင်နေသူများ၏ အိုးအိမ်အဆောက်အဦများကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် လုံခြုံရေးတပ်စခန်းတို့ကို ဖေဖော်ဝါရီလ ၈ ရက်မှ ၉ ရက်အထိ CDF အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ရွပ်ရွပ်ချွံချွံဖြင့်  ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်အဖွဲ့၏ သာလွန်အင်အားဖြင့်တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှုများလာခြင်းတို့ကြောင့် ဖေဖော်ဝါရီလ ၉ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် များသည် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများရယူကာ စနစ်တကျဖြင့်ဆုတ်ခွာခဲ့ပြီး လုံခြုံရေးတပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါမြို့နယ်ရဲစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော်စစ်ကူစစ်ကြောင်းများက ထန်တလန်မြို့သို့ ရောက်ရှိစုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့အတွင်း အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်မှုအတွက် လိုအပ်သည်များ စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၂-၂၀၂၃)

 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CDF အကြမ်းဖက်သမားများက သာလွန်အင်အားဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များသည် ရွပ်ရွပ်ချွံချွံဖြင့်  ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့။
  • မြို့နယ်ရဲစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးတို့အတွက် တပ်မတော်စစ်ကူစစ်ကြောင်းများက လိုအပ်သည်များ စီမံဆောင်ရွက်လျက်ရှိ။

Add new comment