ပဲခူးမြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ခဲ့သည့် ပဲခူး PDF အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

      နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် NUG ၊ CRPH နှင့် PDF အဖွဲ့များသည် ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအပြင် ပြည်သူ များ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့ပေါ်ရှိ မဇင်းရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက်နှင့် ရှင်စောပုရပ်ကွက်တို့၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်း ၅ လုံးဖောက်ခွဲခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီလ ၈ ရက်တွင် ပဲခူးမြို့နယ်၊ ကလိကျေးရွာအနီး၌ ပဲခူးမြို့နယ်အတွင်း လက်လုပ်မိုင်းများ ဖောက်ခွဲခဲ့သည့် တရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင် (၂၀)နှစ်၊ မောင်သက်(၂၃)နှစ်နှင့် ၎င်း၏ဇနီးထားထားဝင်း (၂၃) နှစ်၊ ငစော(ခ)မျိုးမြတ်မင်းစော (၁၉) နှစ်တို့ ၄ ဦး အား ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံ ဖိုးခွား(ခ)ဉာဏ်မင်းမောင်မောင်၏ ထွက်ဆိုချက်အရ ၎င်းငှားရမ်းနေထိုင်သည့် နေအိမ်မှ အူဇီသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ပွိုင့်-၃၈ ကျည် ၅၀ တောင့်တို့အားလည်းကောင်း၊ မောင်သက်နှင့် ထားထားဝင်းတို့၏ နေအိမ်မှ M-79 ဗုံးပစ်လောင်ချာ ၁ လက်၊ ၄၀ မမ ဗုံးသီး ၇ လုံး၊ C-4 ယမ်း ၅ ထုပ်၊ ဒီတိုနေတာ ၄ ချောင်းနှင့် လက်လုပ်မိုင်း ၃ လုံးတို့အားလည်းကောင်း၊ ဥဿာမြို့သစ်တွင် နေထိုင်သည့် မျိုးတင့် (၅၅) နှစ်နှင့် ၎င်း၏ဇနီး ယဉ်ယဉ်ဋ္ဌေး (၄၈) နှစ်တို့ ၂ ဦးအား M-16 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ၄၀ မမ ဗုံးသီး ၂၀ လုံး၊ ၅.၅၆ ကျည် ၁၀၀ တောင့်၊ ကျည်မျိုးစုံ ၂၈၈ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ၅ လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖောက်ခွဲရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေအနေကြည့်ရှုပေးသူ သူရိန်အောင်(ခ)အောင်သူ(၁၉) နှစ်အား ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-

  • ဖိုးခွားသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၇ ရက်မှစ၍ KNLA တပ်မဟာ(၃)၊ ရင်း(၉)နယ်မြေရှိ ငှက်ပျောတောစခန်းသို့ သွားရောက်၍ အကြမ်းဖက်သင်တန်း ၃ လ တက်ရောက်ခဲ့ပြီး ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ)ရဲထွဋ်လှိုင် ခေါင်းဆောင်သည့် ပဲခူး PDF အကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြောင်း။
  • ငစော၊ အောင်သူနှင့် မောင်သက်တို့ ၃ ဦးသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလခန့်တွင် ဖိုးခွား၏ စည်းရုံးမှုဖြင့် အဆိုပါအကြမ်းဖက်အဖွဲ့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း။
  • ဖမ်းဆီးရမိ လက်နက်/ ခဲယမ်းများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)ခန့် တွင် လူမှုကွန်ရက်မှတစ်ဆင့်ရင်းနှီးခဲ့သည့် ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သော အောင်သပြေမှ ပေးပို့ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး မောင်သက်၊ မျိုးတင့်နှင့် ၎င်း၏ဇနီးတို့မှ ၎င်းတို့နေအိမ်များ၌ လက်ခံသိမ်းဆည်းပေးထားခဲ့ခြင်းဖြစ်ကြောင်း။
  • လက်လုပ်မိုင်းများကိုလည်း ဖိုးခွား ခေါင်းဆောင်၍ မောင်သက်၊ ငစောနှင့် ဖမ်းဆီးရန်ကျန် တရားခံ ကုလားလေးတို့မှ မောင်သက်၏ နေအိမ်၌ပြုလုပ်ခဲ့ကြောင်း။
  • ပဲခူး PDF အကြမ်းဖက်အဖွဲ့ဝင်တို့မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ကဝမြို့နယ်၊ ကန်တော်မင်္ဂလာရပ်ကွက်၌ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင် ဦးသိန်းဇော်အားလည်းကောင်း၊  ၂၀၂၂ ခုနှစ်၊ မတ်လ ၄ ရက်တွင် ကဝမြို့နယ်ရှိ မမောက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဇော်နှင့် ရစ်ကန်ကြီးကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဆန်းဝင်းတို့ ၂ ဦးအားလည်းကောင်း လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ပဲခူးမြို့၊ မဟာစေတီကန်လမ်းထောင့်၌ လည်းကောင်း၊ ရှင်စောပုရပ်ကွက်ရှိ ထရန်စဖော်မာအနီး၌လည်းကောင်း၊ ညောင် ဝိုင်း(မြောက်ပိုင်း)ရပ်ကွက်၊ ဈေးတန်းအနီး၌လည်းကောင်း၊
  • ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ရှင်စောပုရပ်ကွက်၊ ဆိုရှယ်လစ်(၉)လမ်း၌လည်းကောင်း၊ ပုဏ္ဏားစုရပ်ကွက်၊ (၈)လမ်း၌လည်းကောင်း လက်လုပ်မိုင်း  ၇ လုံးအား အသီးသီးသွားရောက်ဖောက်ခွဲခဲ့ပြီး အောင်သူမှ လမ်းကြောင်းအခြေအနေ စောင့်ကြည့်ပေးခဲ့ကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ပဲခူးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအား လက်လုပ်မိုင်းများဖြင့် ထပ်မံဖောက်ခွဲရန် စီစဉ်လုပ်ဆောင်နေစဉ် တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ စစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အချိန်မီကြိုတင်သတင်းလက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း။

ပဲခူး PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဖမ်းဆီးရန်ကျန်တရားခံ ငရဲ(ခ)ရဲထွဋ်လှိုင်မှ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် ၁ လလျှင် ၂ သိန်းကျပ်၊ ဖမ်းဆီးရန်ကျန်တရားခံ အောင်သပြေမှ ၁ လ လျှင် ၄ သိန်းကျပ် ထောက်ပံ့ပေးကြောင်း၊ အဆိုပါရရှိသည့် ငွေကြေးများအား ဖိုးခွား၊ မောင်သက်၊ ငစောနှင့် အောင်သူတို့မှ ခွဲဝေယူကြသည့်အပြင် လက်လုပ်မိုင်းများပြုလုပ်ရာတွင် အသုံးပြုခဲ့ကြောင်း ဖော်ထုတ် သိရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဆက်လက်ဖမ်းဆီးရမိရေးအတွက် ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန် အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၂-၂၀၂၃)

 

  • ပဲခူးမြို့နယ်အတွင်း လုပ်ကြံသတ်ဖြတ်မှုများနှင့် အကြမ်းဖက်ဖောက်ခွဲမှုများ ဆောင်ရွက်ခဲ့သည့် ပဲခူး PDF အကြမ်းဖက်အဖွဲ့ဝင် တရားခံ ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့အား လက်နက်မျိုးစုံ ၄ လက်၊ ကျည်အိမ်မျိုးစုံ ၅ ခု၊ ၄၀ မမဗုံးသီး ၂၇ လုံး၊ ကျည်မျိုးစုံ ၄၃၈ တောင့်၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ အခြားမိုင်းနှင့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။

 

Add new comment