နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၈ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတော မြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ဟိုင်းကြီးကျွန်းရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- ဟိုင်းကြီးကျွန်းဒေသသည် သမိုင်းကြောင်းအစဉ်အလာရှိသည့် ဒေသတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း။
- နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများကို မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း။
- အစပိုင်းတွင် ဆူပူမှုများသာရှိသော်လည်း နောက်ပိုင်းတွင် အကြမ်းဖက်ခြင်း၊ လုယက်သတ်ဖြတ်ခြင်းများအထိ ဖြစ်ပေါ်လာကြောင်း။
- ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများကို မိမိတို့အနေဖြင့် ဥပဒေနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ခဲ့ကြောင်း။
- ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ အစိုးရတစ်ရပ်သည် ပြည်သူလူထုတို့၏ လူမှုအကျိုးစီးပွားကို ဖော်ဆောင်ပေးရမည် ဖြစ်ကြောင်း။
- မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း။
- မိမိတို့၏ဆောင်ရွက်ချက်များကို တစ်ဦးချင်းစီ၏ တာဝန်များအလိုက် အောင်မြင်အောင် လုပ်ဆောင်၍ အလုပ်ဖြင့်သက်သေပြနိုင်ရမည်ဖြစ်ကြောင်း။
- မိမိတို့စတင်တာဝန်ယူစဉ်ကာလက နိုင်ငံ၏စီးပွားရေးသည် ကျဆင်းလျက်ရှိသည်ဖြစ်သော်လည်း မိမိတို့အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် လက်ရှိအချိန်တွင် နိုင်ငံ့ စီးပွားရေးသည် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။
- ရွေးကောက်ပွဲဆောင်ရွက်ရန်အတွက် အချို့သောတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အခက်အခဲများရှိနေသေးကြောင်း၊ ရွေးကောက်ပွဲကို ကျင်းပရာတွင် ပြည်သူလူထုက လက်ခံသည့် သိက္ခာရှိသည့် ရွေးကောက်ပွဲကို ကျင်းပနိုင်ရမည်ဖြစ်ကြောင်း။
- ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၂-၂၀၂၃)
- နိုင်ငံရေးသဘောထားကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆူပူမှုများကို မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်လျက်ရှိ။
- မိမိတို့သည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ၏အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ပေးနေသည့် အစိုးရတစ်ရပ်ဖြစ်။
- မိမိတို့၏ဆောင်ရွက်ချက်များကို တစ်ဦးချင်းစီ၏ တာဝန်များအလိုက် အောင်မြင်အောင် လုပ်ဆောင်၍ အလုပ်ဖြင့်သက်သေပြနိုင်ရမည်ဖြစ်။
- ယခင်အစိုးရလက်ထက် ရွေးကောက်ပွဲ၌ သိက္ခာမဲ့သော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် မိမိတို့အနေဖြင့် သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ။
Add new comment