နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ (၇၆) ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်

       (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်တွင် တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၆)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာကျော်ထွန်းက ဖတ်ကြားခဲ့ပါသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်မိန့်ခွန်းပြောကြားရာတွင်-

  • နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများအားလုံး အမြန်ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး ငြိမ်းချမ်းလုံခြုံစွာ ဥမကွဲသိုက်မပျက် နေထိုင်နိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု နိုင်ငံတော်ကြီးကို အတူလက်တွဲ တည်ဆောက်သွားကြရန် ပြောကြားခဲ့။

အခမ်းအနားတွင် တာဝန်ရှိသူများက ဘာသာ၊ သာသနာဆိုင်ရာထူးချွန်ဆုရရှိသူများ၊ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာထူးချွန်ဆုရရှိသူများ၊ စိုက်ပျိုးရေးဆိုင်ရာထူးချွန်ဆုရရှိသူများ၊ မွေးမြူရေးထူး ချွန်ဆုရရှိသူများ၊ လူမှုရေးဆိုင်ရာထူးချွန်ဆုရရှိသူများနှင့် အားကစားထူးချွန်ဆုရရှိသူများကို ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဆိုလာအစုံ ၂၅၀ ကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက ပေးအပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လက်ခံရယူခဲ့ပါသည်။

ထို့နောက် (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့ပြခန်းများဖွင့်ပွဲကျင်းပရာ ပြခန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာကျော်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်နှင့် Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဧည့်သည်တော်များက ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၈-၂-၂၀၂၃)

 

  • (၇၆) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၇ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့။
  • အခမ်းအနားတွင် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းရရှိသူများကို ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး ရှမ်းပြည်နယ်နေ့ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့။

Add new comment