နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း) တို့အား ကြည့်ရှုစစ်ဆေး

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၇ ရက်တွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၊ အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း) တို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများက အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ (သာပေါင်း)တို့၏ စက်ရုံဆိုင်ရာအချက်အလက်များ၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် ဓာတ်ငွေ့လိုအပ်ချက်နှင့် ဓာတ်ငွေ့ပိုက်လိုင်းများကို စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ရန်လိုအပ်မှု၊ အဆိုပါ စက်ရုံများအတွက် သဘာဝတောများမှ ဝါးကုန်ကြမ်းများ ရရှိနိုင်မှု၊ စက္ကူပျော့ဖတ်များ ထုတ်လုပ်နိုင်ရန်အတွက် ကြီးမြန်သစ်မျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ စက်ရုံများလည်ပတ်နိုင်ရေးအတွက် စက်ကိရိယာများ ပြန်လည်စစ်ဆေးခြင်း၊ ပြုပြင်ခြင်းများပြုလုပ်နိုင်ရေး စက်ရုံနှင့်စိုက်ခင်းများသို့ ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့မှု၊ စွမ်းအင်ရရှိနိုင်မှုနည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-

  • စက်ရုံပြန်လည်ပြုပြင်ပြီးချိန်တွင် ထပ်မံတိုးချဲ့နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ကုန်ကြမ်းလိုအပ်ချက်ဖြစ်သည့် သစ်တောစိုက်ခင်း၊ ဝါးစိုက်ခင်းများကိုလည်း စိုက်ပျိုးရမည်ဖြစ်ကြောင်း။
  • စက္ကူစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်သဖြင့် တာဝန်ရှိသူများက အလေးထားဆောင်ရွက်ကြစေလိုကြောင်း။
  • စက္ကူလိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားငွေ အသုံးပြုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း။
  • စက်ရုံများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် အချင်းချင်းပေါင်းစပ်ညှိနှိုင်း၍ အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံမှထုတ်လုပ်ထားရှိသည့် စက္ကူအမျိုးအစားများ ခင်းကျင်းပြသထားရှိမှုနှင့် ပျော့ဖတ်ထုတ်လုပ်ရေးစက်ရုံခွဲ(Pulping Plant)၊ တန် (၅၀) စက္ကူစက်ရုံ၊ တန်(၆၀) သတင်းစာစက္ကူစက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး အဆင့်မြင့်စက္ကူစက်ရုံ(သာပေါင်း)နှင့် သတင်းစာစက္ကူစက်ရုံ(သာပေါင်း)တို့မှ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၃)

 

  • စက္ကူစက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းဖြစ်။
  • စက္ကူလိုအပ်ချက်များအတွက် ပြည်ပမှတင်သွင်းနေရသည့် နိုင်ငံခြားငွေ အသုံးပြုမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်မည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စက်ရုံမှ ထုတ်လုပ်ထားရှိသည့် စက္ကူအမျိုးအစားများ ခင်းကျင်းပြသထားရှိမှုနှင့် ပျော့ဖတ်ထုတ်လုပ်ရေးစက်ရုံခွဲ(Pulping Plant) တန် (၅၀) စက္ကူစက်ရုံ၊ တန်(၆၀) သတင်းစာစက္ကူစက်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။

 

Add new comment