နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၇ ရက်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များက ပြည်တွင်းပြည်ပဈေးကွက်သို့ ဆန်တင်ပို့ရောင်းချလျက်ရှိမှု၊ ဒေသတွင်းသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ ပိုမိုများပြားလာ သည့်အတွက် လမ်းပန်းဆက်သွယ်မှုကို အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင်-
- ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အရင်းအမြစ်များကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း။
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်ကုန်များ အရည်အသွေးကောင်းမွန်ရန်လိုပြီး ဒေသတွင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကထားထုတ်လုပ်သည့် ထုတ်ကုန်များ ထုတ်လုပ်ရန် လိုကြောင်း။
- ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးနှင့် ဒေသခံတို့၏ လူမှုစီးပွားမြင့်တက်စေရေးအတွက် ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းဆန်းစစ်၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
- ငပုတောတွင် ပင်လယ်ကူးသင်္ဘောများ ဝင်ရောက်နိုင်အောင် ဆိပ်ကမ်းတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
- နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရသူ(Importer)အဆင့်မှ ပြည်တွင်းလိုအပ်ချက် ဖူလုံပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သူ(Exporter) အဆင့်အထိရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။
- ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို အသက်သာဆုံးအတိုးနှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်သဖြင့် အကျိုးရှိစွာဖြင့် အသုံးချကြစေလိုကြောင်း။
- One Region One Product ကိုဆောင်ရွက်ရာတွင်လည်း ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ပါတင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း ဆွေးနွေးတိုက်တွန်းပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် ရေထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များစသည့် ထုတ်ကုန်ပစ္စည်း များ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၂-၂၀၂၃)
- ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးနှင့် ဒေသခံတို့၏ လူမှုစီးပွားမြင့်တက်စေရေးအတွက် ပုသိမ်လေယာဉ်ကွင်းကို အဆင့်မြှင့်တင်နိုင်ရန် လုပ်ငန်းဆန်းစစ်၍ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်။
- နိုင်ငံအတွက် လိုအပ်လျက်ရှိသည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းရသူ(Importer)အဆင့်မှ ပြည်တွင်းလိုအပ်ချက် ဖူလုံပြည့်မီအောင် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်သူ(Exporter) အဆင့်အထိရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လို။
- One Region One Product ကိုဆောင်ရွက်ရာတွင်လည်း ပြည်တွင်းဈေးကွက်ကိုသာမက ပြည်ပဈေးကွက်သို့ပါတင်ပို့နိုင်ရေး ဆောင်ရွက်သွားရန်လို။
Add new comment