နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၆ ရက်တွင် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်ရှိ Global Earth Agro & Aqua Industry Public Co., Ltd ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌ ဦးဋ္ဌေးမြင့်နှင့် လုပ်ငန်းအလိုက်တာဝန်ရှိသူများက ခေတ်မီနည်းစနစ်များဖြင့် ငါးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ငါးသားဖောက်ခြင်း Smart Hatchery & Nursery ကို အဆင့်လိုက်ဆောင်ရွက်လျက်ရှိမှု၊ ငါးသားပေါက်များအား ပြုစုမွေးမြူခြင်း Smart Grow Out Farm စမ်းသပ် ဆောင်ရွက်လျက်ရှိမှု၊ စပါးခွံသုံး Biomass Power Plant ထည့်သွင်းတည်ဆောက်ထားရှိသဖြင့် ကိုယ်ပိုင်လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်သည့်အပြင် မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ ထုတ်လုပ်နိုင်မှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ဒုတိယအချက်ဖြစ်သည့် စားရေရိက္ခာဖူလုံရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း။
- ငါးများကို စနစ်တကျမွေးမြူခြင်းသည် နိုင်ငံ၏စားရေရိက္ခာဖူလုံရေးအတွက် အကျိုးရှိသည့် လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စနစ်ကျနသည့် ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်ရန်လိုကြောင်း။
- မွေးမြူရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုကြောင်း၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကူညီအားပေးရန်၊ ဖွံ့ဖြိုးတိုးတက်စေရန် အာမခံထားပြီး ပူးပေါင်းစွမ်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်စေရမည်ဖြစ်ကြောင်း။
- လာမည့်ပညာရေးနှစ်တွင် နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း။
- မွေးမြူရေးထုတ်ကုန်များကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ပါက တိုင်းပြည်အတွက် ပြည်ပဝင်ငွေများ တိုးတက်လာမည်ဖြစ်ပြီး ပို့ကုန်များကိုတင်ပို့ရာတွင် ကုန်ကြမ်းပစ္စည်းများကို တင်ပို့ခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ တင်ပို့နိုင်ပါက ပိုမိုအကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကံ့ကော်ပင်ကို အမှတ်တရစိုက်ပျိုးပေး၍ တာဝန်ရှိသူများက အမှတ်တရသစ်ပင်များကို အသီးသီးစိုက်ပျိုးပေးကြပြီးနောက် မြန်မာ့မျိုးရင်းငါးသားပေါက်များ ခင်းကျင်း ပြသထားရှိမှုကို ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် Smart Hatchery & Nursery ငါးသားဖောက်စခန်း၌ လုပ်ငန်းစဉ်အလိုက်ဆောင်ရွက်နေမှုများ၊ Biomass Power Plant စပါးခွံလောင်စာသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်မှုနှင့် လျှပ်စစ်ဓာတ်အားကို အဆင့်မီလျင်မြန်စွာ နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ထုတ်လုပ်နိုင်မှု၊ ငါးအစာတောင့်စက်ရုံတည်ဆောက်နေမှု၊ Circular Tank များဖြင့် အဆင့်မြင့် ငါးအသားတိုး မွေးမြူထားရှိမှု၊ မြေသားကန်ဖြင့် အဆင့်မီငါးအသားတိုးမွေးမြူထားရှိမှု၊ ခေတ်မီနည်းပညာအသုံးပြု၍ အစာကျွေးမွေးမှုနှင့် ဆိုလာစနစ်သုံး၍ ရေတင်ဆောင်ရွက်နေမှု၊ ငါးဖမ်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေထွက်ကုန်လုပ်ငန်းဌာန၊ နိုင်ငံတကာ ဈေးကွက်ရောင်းချလျက်ရှိသည့် ငါးအဆင့်မြင့်ထုတ်ကုန်များ ခင်းကျင်းပြသထားရှိမှုနှင့် အအေးခန်းစက်ရုံတည်ဆောက်နေမှုတို့ကို စိတ်ဝင်တစားဖြင့် ကဏ္ဍတစ်ခုချင်းစီအလိုက် လေ့လာကြည့်ရှုခဲ့ရာ Global Earth Agro & Aqua Industry Public Co., Ltd ဥက္ကဋ္ဌနှင့် လုပ်ငန်းအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။
အဆိုပါ Global Earth Agro & Aqua Industry Public Co., Ltd တွင် ယခုအခါ သိပ္ပံနည်းကျဖြင့် ငါးတန်အထီး၊ အမ (Breeders) တစ်သိန်းနှစ်သောင်းကို ပြုစုထားရှိပြီး နေ့စဉ်ငါးသားပေါက်(ငါးမှုန်) သိန်း ၄၀ ကောင်ရေကို ထုတ်လုပ် လျက်ရှိကြောင်း၊ လက်ရှိ အချိန်တွင် ငါးသန်/ငါးဖြန်းကောင်ရေ သိန်း ၂၅၀ ခန့်နှင့် အသားတိုးငါးကောင်ရေသိန်း ၂၅၀ ခန့်အား မွေးမြူထားရှိကြောင်း၊ စီမံကိန်းတစ်ခုလုံးပြီးစီးပါက မြန်မာ့ရေလုပ်ငန်း စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသအတွင်းရှိ တစ်ဦးချင်းစီ၏ ဝင်ငွေများလည်း တိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါသိပ္ပံနည်းကျအဆင့်မြင့် ခေတ်မီငါးမွေးမြူထုတ်လုပ်ခြင်းစီမံကိန်းကြီးသည် လူဦးရေအမြောက်အမြားကို အလုပ်အကိုင်အခွင့်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာ အကျိုးဖြစ်ပေါ်စေနိုင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၃)
- ငါးများကို စနစ်တကျမွေးမြူခြင်းသည် နိုင်ငံ၏စားရေရိက္ခာဖူလုံရေးအတွက် အကျိုးရှိသည့် လုပ်ဆောင်ချက်တစ်ခုပင်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် စနစ်ကျနသည့် ငါးမွေးမြူရေးစနစ်ကို ဖော်ဆောင်ရန်လို။
- စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကူညီအားပေးရန်၊ ဖွံ့ဖြိုးတိုးတက်စေရန် အာမခံထားပြီး ပူးပေါင်းစွမ်းအားဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်စေရမည်ဖြစ်။
- လာမည့်ပညာရေးနှစ်တွင် နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုနည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်။
- သိပ္ပံနည်းကျအဆင့်မြင့် ခေတ်မီငါးမွေးမြူထုတ်လုပ်ခြင်းစီမံကိန်းကြီးသည် လူဦးရေအမြောက်အမြားကို အလုပ်အကိုင်အခွင့်များ ဖော်ဆောင်ပေးနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအကျိုးဖြစ် ပေါ်စေနိုင်သည့် စီမံကိန်းကြီးတစ်ခုဖြစ်။
Add new comment