နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ အဆိုပါစင်တာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV နှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်တို့သည် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ကဗ္ဗည်းမော်ကွန်း ကို အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ကြပြီးနောက် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာအတွင်း လှည့်လည်ပြီး နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ ကဏ္ဍ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် အခြားသောကဏ္ဍပေါင်းစုံတို့တွင် အကျိုးရှိစွာ အသုံးချနိုင်မည့် အသိပညာပေးထားမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ပေးမှုများအတွက် ROSATOM အဖွဲ့အစည်းကို မြန်မာနိုင်ငံ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။
  • နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာတွင် ကျောင်းသားလူငယ်များသာမက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများပါ နျူကလီးယားစွမ်းအင်ဆိုင်ရာဗဟုသုတများကို ရရှိနိုင်မည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍများအတွက် အထောက်အကူများစွာ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း။
  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် “ROSATOM” တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံကိုလည်း လက်မှတ် ရေးထိုးခဲ့ကြပါကြောင်း။
  • နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အအုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ လိုအပ်သည့် နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ မှတ်တိုင်ပါ အချက် (၁၉) ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း။
  • ROSATOM နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည့်အတွက် ROSATOM က တာဝန်ရှိသူများကို မိမိအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်အနာဂတ်တွင်လည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်း ပြောကြားခဲ့ပါသည်။

ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင်-

  • နျူကလီးယားနည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးတို့တွင် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သဘာဝသိပ္ပံ၊ ပညာရေးနှင့် နည်းပညာသင်ကြားရေးတို့ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အားကောင်းသည့် တွန်းအားတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် နျူကလီးယားဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရလဒ်နှင့် အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှေ့မှောက်တွင် လက်မှတ် ရေးထိုးခဲ့ကြပါသည်။

ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ROSATOM State Corporations မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ ၂ စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်သည့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ကနဦးအနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၂-၂၀၂၃)

 

  • လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် “ROSATOM” တို့ အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေးလမ်းပြမြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့။
  • နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်။
  • မြန်မာနိုင်ငံ၏ နျူကလီးယားအခြေခံအဆောက်အအုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်းဆွေးနွေးကာ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) မှတ်တိုင်ပါအချက် (၁၉) ချက်အတိုင်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်။
  • နျူကလီးယားနည်းပညာအသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးတို့တွင် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သဘာဝသိပ္ပံ၊ ပညာရေးနှင့် နည်းပညာသင်ကြားရေးတို့ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း အားကောင်းသည့် တွန်းအားတစ်ခုဖြစ်လာမည်ဖြစ်။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ရှေ့မှောက်တွင် ROSATOM State Corporations ညွှန်ကြားရေးမှူးချုပ်နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က ရှေ့ဆက်လက်ဆောင် ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့။
  • သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ROSATOM State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ စောင်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ယခုဖွင့်လှစ်သည့် နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာကို ကနဦးအနေဖြင့် အကောင်အထည်ဖော် တည်ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်။

Add new comment