နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၅ ရက်တွင် ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
တာဝန်ရှိသူများက ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ထွက်ရှိလာသည့်ငါးများကို တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများနှင့် ပြင်ပသို့ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေး နိုင်မှု၊ ရွှေမုယင်းဒေသမှ ငါးထွက်ကုန်များကို ပိုမိုလျင်မြန်ချောမွေ့စွာ ဈေးကွက်သို့ ဖြန့်ချိနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အသီးသီးရှင်းလင်း တင်ပြခဲ့ကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များသတ်မှတ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်စေခြင်းသည် တိုင်းဒေသကြီး၏ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဖူလုံမှုရှိစေရန်နှင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဖြင့် ဝယ်ယူစားသောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်ကြောင်း။
- ရန်ကုန်တိုင်းဒေသကြီးတွင် ငါးမွေးမြူရေးလုပ်ငန်းကို ထုတ်လုပ်မှုကုန်ကျစရိတ်နည်းစွာဖြင့် အရေအတွက်များများရရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် မွေးမြူရေးမြေဧရိယာများကို အကျိုးရှိရှိ အသုံးချရန်လိုပြီး အထွက်နှုန်းတိုးစေရေးအတွက် အစာပြည့်ဝစွာကျွေးမွေးရန်၊ အကောင်ရေ ပြည့်မီစွာ ထည့်သွင်းရန် လိုအပ်မည်ဖြစ်ကြောင်း။
- ဒေသတွင်းမှထွက်ရှိသည့် မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် သယ်ယူပို့ဆောင်ရေးသည် အရေးကြီးကြောင်း၊ စနစ်ကျနသည့် မွေးမြူရေးလုပ်ငန်းဖြစ်ရန်လိုပြီး ဒေသနှင့် ဒေသခံများကိုလည်း အကျိုးဖြစ်စေရမည်ဖြစ်ကြောင်း မှာကြားပြီး ငါးမွေးမြူရေးကန်များအတွင်း ငါးမွေးမြူထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ရှိ အုပ်ချုပ်မှုတာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင်-
- ငါးနှင့် ပုစွန်မွေးမြူရေး အောင်မြင်ရန်အတွက် လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ပြီး အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ကြားနိုင်ရန်အတွက် သိပ္ပံကျောင်းမှတစ်ဆင့် တက္ကသိုလ်နှင့် ကောလိပ်များကို ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း။
- နိုင်ငံတစ်ဝန်း ခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြားနိုင်မည်ဖြစ်ကြောင်း။
- ပညာသင်ကြားမှုများအပေါ်မူတည်၍ ယခုမွေးမြူရေးသိပ္ပံကျောင်းကို ကောလိပ်အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံးသည့်အချိန်တွင်လည်း သင်ကြားခဲ့သည့် ဘာသာရပ်များနှင့်လျော်ညီသည့်လုပ်ငန်းများကို ဆောင်ရွက်စေလိုပြီး လူမှန်၊ နေရာမှန်ရှိမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအသုံးပြုရန် သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ပြီး ငါးလုပ်ငန်းသိပ္ပံ(တွံတေး)အတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါငါးလုပ်ငန်းသိပ္ပံ(တွံတေး) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းနှင့်ပတ်သက်သည့် ပထမ ဦးဆုံး သိပ္ပံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၂-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ရွှေမုယင်းဒေသအတွင်း ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့။
- ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးဇုန်များသတ်မှတ်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်စေခြင်းသည် တိုင်းဒေသကြီး၏ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက် ဖူလုံမှုရှိစေရန်နှင့် ပြည်သူများ ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်စေခြင်းဖြစ်။
- ဒေသတွင်းမှထွက်ရှိသည့် မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ရောက်ရှိစေရေးနှင့် ဈေးနှုန်းသက်သာစေရေးအတွက် သယ်ယူပို့ဆောင်ရေးသည် အရေးကြီး။
- နိုင်ငံတစ်ဝန်းခရိုင် ၅၀ ရှိ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ နည်းပညာနှင့် စက်မှုသင်တန်းများကို လာမည့်ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး ထူးချွန်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ကြားနိုင်မည်ဖြစ်။
- ပညာသင်ကြားမှုများအပေါ်မူတည်၍ ယခုမွေးမြူရေးသိပ္ပံကျောင်းကို ကောလိပ်အဆင့်သို့ မြှင့်တင်ပေးသွားမည်ဖြစ်။
Add new comment