နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌တွေ့ဆုံ၍ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသည့် စက်မှုဇုန်အသီးသီးမှ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်နယ်မြေများအတွင်း စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်ရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုမှု၊ အထည် အချုပ်လုပ်ငန်းများ၏ အရည်အသွေးတိုးမြှင့်နိုင်ရေး လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှုတို့နှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိမှုတို့နှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း။
- ကုန်ကြမ်းပစ္စည်းများရှိမှသာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းရှိမှသာ ရောင်းဝယ်မှုဖြစ်မည်ဖြစ် ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကို ရရှိနိုင်ကြောင်း။
- ချည်မျှင်အတွက် ဝါကုန်ကြမ်းများလိုအပ်ကြောင်း၊ အဆင့်မီသည့်ချည်မျှင်များ ထုတ်လုပ်နိုင်မှသာ အဆင့်မီသည့်အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း။
- စပါးအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။
- နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ ကြောင်း။
- စက်ရုံလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။
- လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားအသုံးပြုသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုများကို များစွာလျှော့ချနိုင်မည်ဖြစ်ကြောင်း။
- လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာစက်မှုဇုန်အတွင်းရှိ Ever Rich International Production Factory နှင့် ထူးသစ်အစာတောင့်စက်ရုံတို့သို့ ရောက်ရှိခဲ့ပြီး ခင်းကျင်းပြသထားသည့် စက်ရုံထုတ်ပစ္စည်းများကို ကြည့်ရှုခဲ့ကြောင်း နှင့် စက်ရုံများ၏လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၂-၂၀၂၃)
- စပါးအထွက်နှုန်းများတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ပြီး စိုက်ဧကများတိုးချဲ့ခြင်းထက် တစ်ဧကချင်း အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လို။
- နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ။
- လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်။
Add new comment