ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲရှိသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးအား ထိုင်းနိုင်ငံတာဝန်ရှိသူများထံမှ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့အကောက်ခွန်တံတားတွင် လွှဲပြောင်းလက်ခံ၍ ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရာ ကော့သောင်း မြို့၊ ရွှေဝက်ဝံဆိပ်ခံတံတားသို့ ဖေဖော်ဝါရီလ  ၂ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

အမိမြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လှိုက်လှဲနွေးထွေးစွာကြိုဆို၍ အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခြင်း၊  မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းများမှ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဆေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် နေ့လည်စာဖြင့် ဧည့်ခံခဲ့ပါသည်။

နေရပ်ပြန်မြန်မာနိုင်ငံသား ၆၇၉ ဦးအနက် တနင်္သာရီတိုင်းဒေသကြီးမှ ၃၉၇ ဦး အား ကော့သောင်းမြို့မှတစ်ဆင့် မိသားစုများရှိရာ မြို့နယ်များသို့ မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ရန်ကုန်နှင့်အခြားမြို့ကြီးများမှ နေရပ်ပြန် ၁၇၁ ဦးအား ရန်ကုန်မြို့ သို့ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်ပြန် ၁၁၁ ဦးအား စစ်တွေမြို့နှင့် ကျောက်ဖြူမြို့များသို့ စစ်ရေယာဉ်(အနော်ရထာ)ဖြင့်လည်းကောင်း မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပေးခြင်းတို့အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း အလုပ်အကိုင်ရရှိရေး အတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏လမ်းညွှန်ချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကပင်  မလေးရှား နိုင်ငံမှ ၁,၀၈၆ ဦးနှင့် မတ်လအတွင်း အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမှ ၇၀ ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် (၂) ကြိမ် သွားရောက်ခေါ်ဆောင်၍ မိဘများထံ စနစ်တကျအပ်နှံပေးခဲ့ပြီး  အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်လည်း ဖော်ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၂-၂၀၂၃)

 

  • ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသား ၆၇၉ ဦးအား တပ်မတော်မှ သွားရောက်ခေါ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီလ ၂ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နောက် အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့။

Add new comment