မြောင်းမြမြို့နယ်နှင့် လပ္ပတာမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

       တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သည့် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ-

  • ဇန်နဝါရီလ ၂၅ ရက်မှ ၂၈ ရက်တွင် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာ၊ စကားမြားကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၂,၇၁၉ ဦးအားလည်းကောင်း၊
  • ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ ရက်တွင် လပ္ပတာမြို့နယ်အတွင်းရှိ ကျေးရွာများမှ  ဒေသခံပြည်သူစုစုပေါင်း ၃,၇၀၈ ဦးအားလည်းကောင်း ဆေးကုသမှုများ ဆောင်ရွက်ခဲ့။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁,၉၁၄ ဦး၊ ခွဲစိတ်ရောဂါ ၄၄၀ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၂၈ ဦး၊ ကလေးရောဂါ ၄၁၄ ဦး၊ အရိုးရောဂါ ၁,၀၆၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၆၃၃ ဦး၊ မျက်စိရောဂါ ၁,၂၅၇ ဦးနှင့် သွားရောဂါ ၃၇၅ ဦး၊ စုစုပေါင်းဒေသခံပြည်သူ ၆,၄၂၇ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည့်အပြင် အထွေထွေခွဲစိတ်လူနာ ၂၆၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၄၃ ဦး၊ ဓာတ်မှန် ရိုက်လူနာ ၂၈ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၇၈၆ ဦး၊ တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၄၆၃ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၂၄ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများနှင့် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသပေးနေမှုများကို တာဝန်ရှိသူများက လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁-၂-၂၀၂၃)

 

  • တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုစွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများကို ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးကုသမှုခံယူသူ ၆,၄၂၇ ဦးရှိ။    

 

Add new comment