ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံပညာရေးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

       ပညာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီး  H.E. Prof. Anek Laothamatas နှင့် ထိုင်းနိုင်ငံပညာရေးကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရီလ ၃၀ ရက်တွင် ပညာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ်

  • ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံတက္ကသိုလ်များအကြား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ နားလည်မှုစာချွန်လွှာပေါင်း ၆၀ ခန့်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ သုတေသန ပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ညီလာခံများ၊ ဆွေးနွေးပွဲများကို ပိုမိုအားပေးဆောင်ရွက်လိုကြောင်း၊  ယခုခရီးစဉ်တွေ့ဆုံမှုမှအစပြု၍ အဏုဇီဝဗေဒ၊ အဏ္ဏဝါသိပ္ပံ၊ စားသောက်ကုန်ပညာ၊ စိုက်ပျိုးမွေးမြူရေးပညာ၊ ငါးလုပ်ငန်း ပညာ၊ ရာသီဥတုပြောင်းလဲမှုလေ့လာရေးပညာ၊ ခရီးသွားလုပ်ငန်းပညာ၊ ဘာသာစကားသင်ကြားသင်ယူမှု၊ ဆရာအတတ်ပညာ၊ နည်းပညာသုံးသင်ကြားမှုနည်းစနစ်များ၊ သင်ကြားမှုအရည်အသွေးထိန်းသိမ်းမှု၊ အရည်အသွေးအာမခံမှုစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့။
  • ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီးက မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနသို့ လာရောက်သောခရီးစဉ်သည် နှစ်နိုင်ငံဝန်ကြီးဌာန အချင်းချင်းချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် ပညာရပ်နယ်ပယ်များကို သိရှိနိုင်ရန်လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတက္ကသိုလ်များအတွက် လိုအပ်မည့်ကဏ္ဍများတွင် ပူးပေါင်းကူညီနိုင်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနနှစ်ခုအကြား ဆက်သွယ်ပူးပေါင်းမှုကွန်ရက် တည် ဆောက်ကြမည်ဖြစ်ကြောင်း ပြောကြားခဲ့။

တွေ့ဆုံပွဲသို့ တက်ရောက်လာသူများက ပညာရေးတိုးတက်မှု ဆောင်ရွက်နေခြင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကာ ဝန်ကြီးဌာနအဆင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၁-၂၀၂၃)

 

  • ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ပညာရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံပညာရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတက္ကသိုလ်များအကြား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအထိ နားလည်မှုစာချွန်လွှာပေါင်း ၆၀ ခန့်လက်မှတ်ရေးထိုး နိုင်ခဲ့မှု၊ ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ၊ သုတေသနပူးပေါင်းဆောင်ရွက်မှုများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ညီလာခံများ၊ ဆွေးနွေးပွဲများဆိုင်ရာကိစ္စများ၊ အဏုဇီဝဗေဒ၊ အဏ္ဏဝါသိပ္ပံ၊ စားသောက်ကုန်ပညာ၊ စိုက်ပျိုးမွေးမြူရေးပညာ၊ ငါးလုပ်ငန်းပညာ၊ ရာသီဥတုပြောင်းလဲမှုလေ့လာရေးပညာ၊ ခရီးသွားလုပ်ငန်းပညာ၊ ဘာသာစကားသင်ကြားသင်ယူမှု၊ ဆရာအတတ်ပညာ၊ နည်းပညာသုံးသင်ကြားမှုနည်းစနစ်များ၊ သင်ကြားမှုအရည်အသွေးထိန်းသိမ်းမှု၊ အရည်အသွေးအာမခံမှုစသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့။

Add new comment