နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်းအစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိပါသည်။
အဆိုပါမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီလ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇) ရက် သား၊ သမီး၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ်အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့ပါသည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော်ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် အသိပေး နှိုးဆော်ထားလျက်ရှိရာ (၇) ရက် သား၊ သမီး၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာဆက်သွယ်၍ ဌာပနာကုသိုလ်များကို ထည့်ဝင်လှူဒါန်းလျက်ရှိကြပြီး ဇန်နဝါရီလ ၃၀ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေတွင် ရွှေထည် ၁၃ ကျပ်သား ၈ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၄၆ ကျပ်သား ၂ ပဲ ၆.၈ ရွေး၊ ကျောက်မျိုးစုံ ၄၁ ကျပ်သား ၂ ပဲ၊ ပုလဲ ၇ ကျပ်သား ၃ ပဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေထည်နှင့် ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၇ ကျပ်သားကျော်တို့ကို လက်ခံရရှိပြီးဖြစ်သလို အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဌာပနာသွင်းလှူပူဇော်ရန်အတွက် အဖိုးတန်ကျောက်မျက်ရတနာများ၊ ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ ဆင်းတုတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို လက်ခံရရှိပြီးဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၃၁-၁-၂၀၂၃)
- မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဇန်နဝါရီလ ၂၇ ရက်က (၇) ရက် သား၊ သမီး၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ် သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ်အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့။
- ဇန်နဝါရီလ ၃၀ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေတွင် ရွှေထည် ၁၃ ကျပ်သား ၈ ပဲ၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၄၆ ကျပ်သား ၂ ပဲ ၆.၈ ရွေး၊ ကျောက်မျိုးစုံ ၄၁ ကျပ်သား ၂ ပဲ၊ ပုလဲ ၇ ကျပ်သား ၃ ပဲ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေထည်နှင့် ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၇ ကျပ်သားကျော်တို့ကို လက်ခံရရှိပြီးဖြစ်သလို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ဌာပနာသွင်းလှူပူဇော်ရန်အတွက် အဖိုးတန်ကျောက်မျက်ရတနာများ၊ ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ ဆင်းတုတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများကို လက်ခံရရှိပြီးဖြစ်။
Add new comment