(၂၀၂၂-၂၀၂၃) ပညာသင်နှစ်၊ အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ ၂၇ ရက် တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများသည် ဘောလုံးပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးပြီးနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ အသင်းလိုက်ပူးတွဲ တတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား ကောင်စီဝင်များမှ တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား တစ်သင်း လျှင် ငွေကျပ်သိန်း ၅၀ စီ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၈-၁-၂၀၂၃)
- နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ကျင်းပသော (၂၀၂၂-၂၀၂၃)ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများအား တစ်သင်းလျှင် ငွေကျပ်သိန်း ၅၀ စီ ချီးမြှင့်ပေးအပ်ခဲ့။
Add new comment