(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

      (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် နိုင်ငံတော်မှ ကျင်းပပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး ကျင်းပသော လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်တွင် မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်နှင့် အခြေခံပညာမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား ၃၀,၀၀ဝ ခန့် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်အသီးသီးမှ တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများက ၎င်းတို့ပြည်နယ်နှင့် နိုင်ငံတိုးတက်မှု နှောင့်နှေးရခြင်းသည် ငြိမ်းချမ်းမှုမရှိခြင်းကြောင့်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိပါက ခံစားရမည့် အသီးအပွင့်များ၊ အကျိုးကျေးဇူးများကို တိုင်းရင်းသားလူမျိုးအလိုက် ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာသူများသည် မန္တလာသီရိအားကစားကွင်းအတွင်း အခြေခံပညာအထက်တန်းကျောင်းသား/ကျောင်းသူများအား ၎င်းတို့ဝါသနာပါသည့် တက္ကသိုလ်များသို့ မှန်ကန်စွာ ရွေးချယ်တက်ရောက်နိုင်စေရန်နှင့် ဗဟုသုတကြွယ်ဝစေရန်အတွက် တက္ကသိုလ်အသီးသီးမှ လာရောက်ဖွင့်လှစ်ထားသည့်ပြခန်းများ၊ မြို့မတေးဂီတမဏ္ဍပ်၊ ဆေးဘက်ဆိုင်ရာနှီးနွှယ်တက္ကသိုလ်များ မဏ္ဍပ်၊ နည်းပညာဆိုင်ရာနှီးနွှယ်တက္ကသိုလ်များမဏ္ဍပ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များမဏ္ဍပ်၊ အခြေခံပညာ မဏ္ဍပ်များတွင် တင်ဆက်သည့် အငြိမ့်နှင့်ဖျော်ဖြေပွဲများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ၏ စတုဒိသာမဏ္ဍပ်များသို့ တပျော်တပါး လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၂၉-၁-၂၀၂၃)

 

  • (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုခြင်းနှင့် နိုင်ငံတော်မှ ကျင်းပပြုလုပ်လျက်ရှိသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် လူငယ်ရေးရာကော်မတီစုံညီပွဲတော်ကို ဇန်နဝါရီလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့
  • တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများက ၎င်းတို့ပြည်နယ်နှင့် နိုင်ငံတိုးတက်မှုနှောင့်နှေးရခြင်းသည် ငြိမ်းချမ်းမှုမရှိခြင်းကြောင့်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးရရှိပါက ခံစားရမည့် အသီးအပွင့်များ၊ အကျိုးကျေးဇူးများကို တိုင်းရင်းသား လူမျိုး အလိုက် ဆွေးနွေးပြောကြားခဲ့။

Add new comment