မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မင်းဘူးမြို့ အမှတ်(၂)ရပ်ကွက် မဟာဝိသုတာရာမ တိုက်သစ် ပဓာနနာယက၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် ဘဒ္ဒန္တညာဏိက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံ ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြပါသည်။
အထူးတံတားကို တိုင်းမှူးနှင့် တာဝန်ရှိသူများကလည်းကောင်း၊ ဗုဒ္ဓပူဇနိယ ပွဲတော် အထူးမုခ်ဦးကို မဟာဝိသုတာ ရာမတိုက်သစ် ပဓာနနာယက ဆရာတော် ဘုရားကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကလည်းကောင်း အသီးသီးဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။ အဆိုပါတံတားကို ဘုရားဖူးပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အရ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက် မန်းရွှေစက်တော် အောက်ခြေတော်ရာ ပါဒစေတီတော်နှင့် အထက် စက်တော်ရာ ပါဒစေတီတော်တို့အား ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ပြီး သံဃာတော် အရှင်သူမြတ်တို့က ဗုဒ္ဓပါဒခြေတော်ရာအား နမ္မဒါရေစင်ဖြင့် သွန်းဖျန်း၍ ရွှေသင်္ကန်းများ ဆက်ကပ်ပူဇော်ခဲ့ကြပါသည်။
မန်းရွှေစက်တော်ရာဘုရားပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလ ၂၅ ရက်မှ ဧပြီလ ၁၇ ရက်အထိ ၈၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၆-၁-၂၀၂၃)
- မန်းရွှေစက်တော်ရာဘုရား ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်း အနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့။
- မန်းရွှေစက်တော်ရာဘုရားပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီလ ၂၅ ရက်မှ ဧပြီလ ၁၇ ရက်အထိ ၈၃ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်၊၊
Add new comment