နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၀၂၃) ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေး ဘက်စကက်ဘောပြိုင်ပွဲပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့တက်ရောက်ချီးမြှင့်

(၂၀၂၃) ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေးဘက်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့အား မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအိုင်ထွန်း၊ မြန်မာနိုင်ငံဘက်စကက်ဘောအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီးနောက် (၂၀၂၃) ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေးဘက်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ၊ တရုတ်ရိုးရာ နဂါးအကအဖွဲ့များနှင့် ခြင်္သေ့အကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များ၊ ပန်းပွား အကအဖွဲ့များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ဘင်ခရာ တီးမှုတ်၍ အလေးပြုကြပြီး အခမ်းအနားအစီအစဉ်အတိုင်းဆက်လက် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၊ တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်း၊ မြန်မာနိုင်ငံ ဘက်စကက်ဘောအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ဘက်စကက်ဘောအသင်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက ဘတ်စကက်ဘောအသင်းများ အသီးသီးယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယသံအမတ်ကြီးနှင့် တာဝန်ရှိသူများက တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးတို့က နှစ်သစ်ကူးပွဲတော်အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာ ကြသူများသည် တရုတ်ရိုးရာနဂါးအက အဖွဲ့များမှ ဂါရဝပြုကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားအထိမ်းအမှတ် မီးရှုးမီးပန်း ပစ်ဖောက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပါသည်။

ထို့နောက် (၂၀၂၃) ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေးဘက်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား အထိမ်းအမှတ် ညစာစားပွဲကို ကျင်းပပြုလုပ်ရာ ဦးစွာတရုတ်ရိုးရာခြင်္သေ့မျက်လုံးဖွင့် မင်္ဂလာအခမ်းအနားကိုပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က တရုတ်ရိုးရာခြင်္သေ့အား တရုတ်ထုံးတမ်းစဉ်လာများနှင့်အညီ ဂုဏ်ပြုဆေးခြယ်သပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကားပြောကြားရာတွင်-

  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့သည်လည်း လက်ရှိ ကမ္ဘာ့လူ့ဦးရေ အများဆုံးဖြစ်သည့် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူးနေ့ဖြစ်ကြောင်း၊ နှစ်သစ်ကူးသည် ဆိုခြင်းသည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းဖြစ်ပြီး ထိုကဲ့သို့ ကူးပြောင်းကြသည့်အခါ၌ မိမိတို့အားလုံးသည် နှစ်ဟောင်းက ကြုံတွေ့ခဲ့ရသည့် အကောင်းအဆိုး၊ အကြောင်းအကျိုးများကို သေချာလေ့လာ စိစစ်ဝေဖန် ပိုင်းခြား၍ နှစ်သစ်တွင် ပိုမိုကောင်းမွန်တိုးတက်အောင် အချင်းချင်းစည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • ၂၀၂၃ ခုနှစ်သည် တရုတ်ရိုးရာယုန်နှစ်ဖြစ်ကြောင်း၊ တရုတ်ရာသီခွင်အရ လေးခုမြောက်နှစ်ဖြစ်ပြီး အဓိပ္ပါယ်မှာ ချစ်ခင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သာယာဝပြောခြင်း ဖြစ်ကြောင်း။
  • နှစ်သစ်ကြို အိမ်သန့်ရှင်းခြင်း၊ အိမ်တံခါးများတွင် မင်္ဂလာစာလုံးများ ကပ်ခြင်း၊ မည်မျှပင် အဝေးသို့ရောက်ရှိနေပါစေ မိသားစုများ ပြန်လည်ဆုံစည်းကြခြင်း၊ နှစ်သစ်ကူးထမင်းဝိုင်းကို မိသားစုနှင့် ဝိုင်းဖွဲ့စားသောက်ခြင်းနှင့် နှစ်သစ်ကူး၏ ပထမဆုံးခေါင်းလောင်းသံကိုစောင့်ခြင်း၊ ဆွေမျိုးများကို နှုတ်ဆက်ခြင်း စသည့် ချစ်စဖွယ်ရိုးရာဓလေ့များကို ဆောင်ရွက်ကြကြောင်း။
  • ယနေ့ အခမ်းအနားတွင်လည်း တစ်အိမ်တည်းနေမိသားစုများ၊ တစ်မြေတည်း တစ်မိုးတည်း အောက်တွင်နေကြသည့် ဆွေမျိုး၊ သားချင်း၊ မိတ်ဆွေများ ပြန်လည်စုစည်းတွေ့ဆုံပြီး နှစ်သစ်ကိုကြိုဆိုခဲ့ကြခြင်းဖြစ်ကြောင်း။
  • မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် ရွှေလမ်းငွေလမ်းခင်းကာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို တည်ထောင်ခဲ့ကြခြင်းဖြစ်ကြောင်း။
  • မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုသည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကိုလည်း ၁၉၅၀ ဇွန် ၈ ရက်တွင် စတင်နိုင်ခဲ့ကာ လာမည့် ၂၀၂၃ ခုနှစ်၊ ဇွန် ၈ ရက်တွင် တရုတ်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၇၃ နှစ် ပြည့်မြောက်မည်ဖြစ်ကြောင်း။
  • ၁၉၆၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်တွင်လည်း ဝန်ကြီးချုပ် ဦးနုနှင့် ဝန်ကြီးချုပ် ချူအင်လိုင်းတို့က မြန်မာ-တရုတ် နယ်နိမိတ်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း။ 
  • နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်ဆိုပါက ထိုနိုင်ငံတစ်ခုတည်း ကောင်းအောင် ကြိုးစားနေရုံမက နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းများသည်လည်း အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်ရန်လိုအပ်ပြီး မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် အပြန်အလှန် အိမ်နီးချင်းနိုင်ငံ ကောင်းများဖြစ်ကြောင်း။
  • တရုတ်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်တွင် တရုတ်(တိုင်ပေ) နှင့်ပတ်သက်၍ တတိယအကြိမ် စက္ကူဖြူစာတမ်း ထုတ်ပြန်ခဲ့ကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် မည်သူတရားပျက်ပျက် ကိုယ်မပျက်စေနှင့်ဟူသည့်အတိုင်း အိမ်နီးချင်းကောင်းပီသစွာ တရုတ်တစ်နိုင်ငံတည်း မူဝါဒ(One China Policy) ကို အစဉ်ထောက်ခံရပ်တည်လျက်ရှိကြောင်းကို ပြောကြားလိုကြောင်း။
  • တစ်နိုင်ငံတည်း ဗိုလ်ကျစိုးမိုးနေသည့် ဧကဝင်ရိုးမှ ဗဟုဝင်ရိုးကို ပြောင်းလဲနိုင်ရေးအတွက် အခြားကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည့်ကိစ္စများအပေါ်၌လည်း ကြိုဆိုအားပေးဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အလွန်အကျိုးဖြစ်ထွန်းစေမည့် ကိစ္စများဖြစ်ကြောင်း။
  • ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organization) ၌ မြန်မာနိုင်ငံကို ဆွေးနွေးဖက်နိုင်ငံအဖြစ် (Dialogue Patner) သတ်မှတ်ပေးခဲ့သည်ကိုလည်း အထူးပင်ကျေးဇူးတင်ရှိကြောင်းကို ပြောကြလိုကြောင်း။
  • မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုး မရှိသည့် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သကဲ့ သို့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံ တစ်ခုလည်းဖြစ်ကြောင်း။
  • ယခုကဲ့သို့ မင်္ဂလာရှိသည့် တရုတ်နှစ်သစ်ကူးနေ့တွင် ယုန်နှစ်ဖြစ်သည့်အလျောက် မိမိတို့အားလုံး ပိုမို၍ချစ်ခင်ကြပါစေ၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှု ပိုမိုရရှိကြပါစေ၊ ကျန်းမာဘေးကင်းပါစေ၊ လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်းဖြင့် ပြောကြားခဲ့။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံသံအမတ်ကြီးက နှစ်သစ်တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို ဆက်လက်လက်ဆင့်ကမ်းပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖေါ်ဆောင်ကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုရလဒ်များဖြင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကိုပိုမိုဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ယခုထက်ပိုမိုတိုးတက်ခိုင်မြဲပြီး အဓွန့်ရှည်တည်တံ့ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ်ကူး အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြပြီးနောက် ဘက်စကက်ဘောပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆုဖလားများကို ပေးအပ်ချီးမြှင့်ပြီး ဘက်စကက်ဘောပြိုင်ပွဲဝင်အသင်းများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှတ်တရဂုဏ်ပြုတံဆိပ်များ ပေးအပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးက တရုတ်နှစ်သစ်ကူး လက်ဆောင်မွန်ကို ဂါရဝပြုပေးအပ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးက တရုတ်ရိုးရာအကအဖွဲ့များနှင့် သီဆို ဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များကို အမှတ်တရပန်းခြင်းများပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၁-၂၀၂၃)

  • ဇန်နဝါရီလ ၂၁ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်သော (၂၀၂၃) ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် ချစ်ကြည်ရေးဘက်စကက်ဘောပြိုင်ပွဲ ပိတ်ပွဲနှင့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ခဲ့။
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့သည် လက်ရှိကမ္ဘာ့လူ့ဦးရေအများဆုံးဖြစ်သည့် တရုတ်လူမျိုးတို့၏ နှစ်သစ်ကူးနေ့ဖြစ်ပြီး မိမိတို့အားလုံးသည် နှစ်ဟောင်းက ကြုံတွေ့ခဲ့ရသည့် အကောင်းအဆိုး၊ အကြောင်းအကျိုးများကို သေချာလေ့လာ စိစစ်ဝေဖန်ပိုင်းခြား၍ နှစ်သစ်တွင် ပိုမို ကောင်းမွန်တိုးတက်အောင် အချင်းချင်းစည်းလုံး ညီညွတ်စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမည်ဖြစ်။
  • မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးသည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် ရွှေလမ်းငွေလမ်းခင်းကာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို တည်ထောင်ခဲ့ကြခြင်းဖြစ်။
  • မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ်ဖွား မြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက် ဆက်ဆံရေးမျိုး မရှိသည့် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးသည့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်သကဲ့သို့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်ခုလည်းဖြစ်။

Add new comment