တရားမဝင်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်း ၆၃ ဒသမ ၅၅ တန်ဖမ်းဆီးရမိ

ရွှေတြိဂံဒေသအတွင်းသို့ ဓာတုပစ္စည်းများ နည်းမျိုးစုံဖြင့်ဝင်ရောက်၍ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများမရှိစေရေးအတွက် မြန်မာ-လာအို-ထိုင်း ၃ နိုင်ငံပူးပေါင်း၍ တရားမဝင်သယ်ဆောင်ရောင်းဝယ်မှု၊ တရားဝင်သယ်ဆောင်ရောင်းဝယ်ခွင့်ရယူပြီး မူးယစ်ဆေးဝါး ထုတ်လုပ်ရာ နယ်ပယ်များသို့ တရားမဝင်သယ်ဆောင်မှုတို့ ထိန်းချုပ်ရေးကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၁၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်ကြီး-လွိုင်လင်သွား ကားလမ်း၊ (၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တောင်ကြီးမှ လွိုင်လင်ဘက်သို့ မောင်းနှင်လာသည့် ၂၂ ဘီးတွဲယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် အချိုရည်ကတ်များဖြင့် ဖုံးအုပ်၍ တရားမဝင်သယ်ဆောင်လာသော သံပီပါ(၈၀)လုံးဖြင့်ထည့်လျက် ဓာတုပစ္စည်း Sulfurous Dichloride ၁၂ တန် သိမ်းဆည်းရမိခဲ့ပါသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များနှင့် စစ်ဆေးဖော်ထုတ်ချက်များအရ-

  • ဇန်နဝါရီလ ၁၅ ရက်တွင် အဆိုပါ(၄)မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ၂၂ ဘီးတွဲယာဉ် ၂ စီးပေါ်မှ တရားမဝင်သယ်ဆောင်လာသော ပလတ်စတစ်ပီပါ (၁၁၉) လုံးဖြင့်ထည့်လျက်ဓာတုပစ္စည်း Benzyl Cyanide ၁၇ ဒသမ ၈၅ တန်နှင့် Caustic Soda ၆ ဒသမ ၇၅ တန်တို့ကိုလည်းကောင်း၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီးတွင် လွိုင်လင်ဘက်မှ တောင်ကြီးဘက်သို့ မောင်းနှင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်ပေါ်မှ တရားမဝင်သယ်ဆောင်လာသော ဓာတုပစ္စည်း SODIUM HYDROHIDE, ANHYDROUS(NaOH) ၁၄ ဒသမ ၉၅ တန်တို့ကိုလည်းကောင်း သိမ်းဆည်း ရမိခဲ့။
  • ဇန်နဝါရီလ ၁၆ ရက်တွင် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာရှိ စစ်ဆေးရေးစခန်းအနီးတွင် သာစည်ဘက်မှ တောင်ကြီးမြို့ဘက်သို့ မောင်းနှင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်ပေါ်တွင် သံပီပါ(၅၀)လုံးဖြင့်ထည့်လျက် တရားမဝင်သယ်ဆောင်လာသည့် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၃ တန်၊ Methylamine ၄ ဒသမ ၅ တန်တို့ကိုလည်းကောင်း၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာ၊ စက်မှုဇုန် (၃)၊ မင်းကြီးမဟာမင်းခေါင်လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ ဂိုဒေါင်အတွင်း တရားခံ ၁ ဦးနှင့်အတူ တရားမဝင် သိုလှောင်ထားရှိသည့် သံပီပါ (၃၀)လုံးဖြင့်ထည့်လျက် ထိန်းချုပ်ဓာတုပစ္စည်း Toluene ၄ ဒသမ ၅ တန် တို့အားလည်းကောင်း သိမ်းဆည်းရမိခဲ့။

 ဖြစ်စဉ်များတွင် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်းထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဓာတုပစ္စည်းများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၃)

  • ရန်ကုန်တိုင်းဒေသကြီးမှ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ တရားမဝင်သယ်ဆောင်လာသည့် တရားခံ ၁၃ ဦးနှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ စုစုပေါင်းထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ ၆၃ ဒသမ ၅၅ တန်တို့အား မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က ဖမ်းဆီးသိမ်းဆည်းရမိခဲ့။

Add new comment