အာရှဒေသ သဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်မှကြီးမှုး၍ နိုင်ငံတကာ သဘာဝအခြေခံခရီးသွားလုပ်ငန်း နှစ် (၂၀)ပြည့် အထိမ်းအမှတ်အခမ်းအနား၊ အာရှ-ပစိဖိတ်သဘာဝ အခြေခံခရီးသွားလုပ်ငန်း ထိပ်သီးညီလာခံ-၂၀၂၂ ကို ဇန်နဝါရီလ ၈ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် Keynote Speaker အဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါ ညီလာခံတွင် ပြည်ထောင်စုဝန်ကြီးက-
· ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နိုင်ရေးအတွက် မဟာဗျူဟာအစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။
· မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ(၂၀၂၁-၂၀၂၅)ကို ရေးဆွဲခဲ့ပြီး ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေး အစီအမံများကို ချမှတ်ဆောင်ရွက်နေကြောင်း။
· မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ၊ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းပင်မစီမံကိန်း၊ ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းမူဝါဒ၊ မြန်မာနိုင်ငံ သဘာဝနယ်မြေများအတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းမူဝါဒနှင့် အုပ်ချုပ်လုပ်ကိုင်မှုမဟာဗျူဟာ အစရှိသည့် ခရီးသွား လုပ်ငန်းဆိုင်ရာမူဝါဒများကို နိုင်ငံတကာကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းရေးဆွဲခဲ့ကြောင်း။
· မြန်မာနိုင်ငံ၌ ကာကွယ်ထိန်းသိမ်းထားသော သဘာဝနယ်မြေ(၁၉)ခုနှင့် ဆင်စခန်း(၂၂)ခုကို သဘာဝအခြေခံခရီးသွားလုပ်ငန်းနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူ အားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်သာမက ခရီးသွားကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့။
ညီလာခံတွင် မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မွန်ဂိုလီးယား နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ထိုင်ဝမ်၊ အင်ဒိုနီးရှားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဟောင်ကောင်၊ ဖိလစ်ပိုင်နိုင်ငံ၊ နော်ဝေနိုင်ငံနှင့် ဥရောပ သဘာဝအခြေခံခရီးသွားလုပ်ငန်းကွန်ရက်တို့မှ ကိုယ်စားလှယ်များက သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဆိုင်ရာဆိုင်ရာ Keynote Talk များ ပြောကြားခြင်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းဆိုင်ရာ အထောက်အကူပြုမူဝါဒများကို ဆွေးနွေးခြင်းနှင့် စာတမ်းဖတ်ကြားခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
- မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေးမဟာဗျူဟာလမ်းပြမြေပုံ(၂၀၂၁-၂၀၂၅)ကို ရေးဆွဲခဲ့ပြီး ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နိုင်ရေးအစီအမံများကို ချမှတ်ဆောင်ရွက်လျက်ရှိ။
- မြန်မာနိုင်ငံ၌ ကာကွယ်ထိန်းသိမ်းထားသော သဘာဝနယ်မြေ(၁၉)ခုနှင့် ဆင်စခန်း(၂၂)ခုကို သဘာဝအခြေခံခရီး သွားလုပ်ငန်းနယ်မြေများအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိ။
- သဘာဝအခြေခံခရီးသွားလုပ်ငန်းအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံပြည်သူအားလုံး ဟန်ချက်ညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်သာမက ခရီးသွား ကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်။
Add new comment