နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် 8th HLC အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ညစာစားပွဲဖြင့် ကြိုဆိုတည်ခင်းဧည့်ခံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi နှင့် ဇနီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား ဇန်နဝါရီလ ၁၉ ရက် ညပိုင်းတွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ ငပလီကမ်းခြေ Pristine Mermaid Resort ၌ ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံခဲ့ပါသည်။

အဆိုပါ ညစာစားပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့် ဇနီးများ၊ နှစ်နိုင်ငံ စစ်သံမှူးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ တေးသံရှင်များ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေခဲ့ကြပြီး ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးက အနုပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Chalermphon Srisawasdi ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၁၉ ရက် မနက်ပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် အထူးလေယာဉ်ဖြင့် ရခိုင်ပြည်နယ်၊ သံတွဲလေဆိပ်သို့ ရောက်ရှိကြရာ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်တပ်မတော် စစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာကြိုဆို နှုတ်ဆက်ခဲ့ကြပါသည်။

ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း 8th High Level Committee Meeting သို့ တက်ရောက်ခြင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး အတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုးကြီးဘုရားများအား ဖူးမြော်ခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၁-၂၀၂၃)

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်သည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်း အဝေး 8th High Level Committee Meeting သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ဝင်များအား ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ Pristine Mermaid Resort ၌ ညစာစားပွဲဖြင့် ကြိုဆိုဧည့်ခံခဲ့။
  • ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း 8th High Level Committee Meeting သို့ တက်ရောက်ခြင်း၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးဆောင်ရွက်ခြင်း၊ တန်ခိုးကြီးဘုရားများအား ဖူးမြော်ခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက်လေ့လာခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်။

Add new comment