တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ဇန်နဝါရီလ ၁၈ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုစုစုပေါင်းအမှုတွဲ (၄,၂၃၂) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၆၅ ဒသမ ၀၅၆) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၂,၂၄၀) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၈ ဒသမ ၄၅၉) ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ (၁,၉၉၂) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၅၆ ဒသမ ၅၉၇) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း။
- တရားမဝင်ကုန်သွယ်မှုဖြစ်ရခြင်း အကြောင်းအရင်းများစွာရှိသည့်အနက် အခြေခံကျသည့် အကြောင်းအရင်းများဖြစ်သည့် အစိုးရမူဝါဒ (Government Policy)၊ ရောင်းလိုအားနှင့်ဝယ်လိုအား (Supply and Demand)၊ ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု (Transparency and Trade)၊ အကောက်ခွန်လုပ်ငန်းဝန်းကျင် (Customs Environment) စသည့် အချက်များနှင့်တိုင်းတာသည်ကို တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး နိုင်ငံပေါင်းစုံမဟာမိတ်အဖွဲ့က သတ်မှတ်ထားကြောင်း။
- ရောင်းလိုအားနှင့်ဝယ်လိုအားအနေဖြင့် ဈေးကွက်ပေါ်တွင် မူတည်ဖြစ်ပေါ်သည့်အတွက် ထိန်းချုပ်ရန်ခက်ခဲသော်လည်း ကျန်သည့်အချက်များဖြစ်သည့် ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်မှု၊ အကောက်ခွန်လုပ်ငန်းဝန်းကျင်ဆိုင်ရာများတွင် တာဝန်ရှိသည့်ဌာနများက တိုးတက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်ကို တိုက်တွန်းပြောကြားလိုကြောင်း။
- နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ဖော်ဆောင်ရာတွင် Rule of Law “တရားဥပဒေစိုးမိုးရေး” သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
- နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် ဖမ်းဆီးတားဆီးရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရန်၊ အများပြည်သူကိုလည်း ဥပဒေကိုလေးစား လိုက်နာရန် တတ်စွမ်းသမျှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ယခင်ကကုန်သွယ်မှုလမ်းကြောင်းများ၊ စစ်ဆေးရေးစခန်းများ၌ပင် စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် တရားမဝင်ကုန်ပစ္စည်းများ သိုလှောင်နိုင်သည့် သိုလှောင်ရုံနှင့် အဆောက်အဦများကိုပါ သတင်းရယူဝင်ရောက်စစ်ဆေးဖော်ထုတ် ဖမ်းဆီးပြီး ဥပဒေနှင့်အညီ အရေးယူခဲ့သည့်အတွက် ကုန်သွယ်မှုလမ်းကြောင်းမဟုတ်သည့်နေရာများတွင် ဖမ်းဆီးရမိမှုများ တိုးတက်လာသည်ကို တွေ့ရကြောင်း။
- တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းများက ကုန်သွယ်မှုများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရန်လိုအပ်ပြီး အခြားတစ်ဖက်တွင် တရားမဝင် ဝင်/ထွက် ပေါက်များ အသုံးပြုရှောင်ကွင်းမှုများကို ထိထိရောက်ရောက်တားဆီးစစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူ သွားရမည်ဖြစ်ကြောင်း။
- တရားမဝင်ကုန်သွယ်မှုများကို တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိလျက်ရှိကြောင်း။
- ယခင်က မူးယစ်ဆေးဝါးများဖမ်းဆီးရမိရာတွင် WY ကဲ့သို့ ဆေးပြားများကို အများဆုံး ဖမ်းဆီးရမိခဲ့သော်လည်း နောက်ပိုင်းတွင် မူးယစ်ဆေးဝါးထုတ်လုပ်သူများသည် ၎င်းတို့၏ ဈေးကွက်အတွင်း အလွယ်တကူ ထိုးဖောက်ဖြန့်ချိရန်နှင့် လူငယ်များကို ဦးတည်ဖျက်ဆီးရောင်းချရန် မူးယစ်ဆေးဝါးများကို အစားအသောက်ပုံစံများအဖြစ် ပြောင်းလဲထုတ်လုပ်လာသည်ကို တွေ့ရကြောင်း။
- လူငယ်များအနေဖြင့် အစားအသောက်ဟူသောအသိဖြင့် စူးစမ်းသုံးစွဲကြရာမှ မူယစ်ဆေး၏ သားကောင်ဘဝသို့ ရောက်ရှိသွားနိုင်ကြောင်း။
- တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အထူးအဖွဲ့များ၊ သက်ဆိုင်ရာဌာနများအနေဖြင့် ဦးဆောင်ကော်မတီက ညွှန်ကြားမှ၊ သတင်းချပြမှ လိုက်ပါဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိမိတို့ရေးဆွဲတင်ပြထားသည့် အစီအမံများ အတိုင်း စနစ်တကျ၊ တိတိကျကျဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃)သို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြခြင်းနှင့် အဆိုပါအစည်းအဝေးဆုံးဖြတ်ချက်(မူကြမ်း)ကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူခြင်း၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခြင်းများကို ဆောင်ရွက်ခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြော ကြားကာ အစည်းအဝေး ကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၁-၂၀၂၃)
- ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၄,၂၃၂) မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၆၅ ဒသမ ၀၅၆) ဘီလီယံဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း ဖမ်းဆီးရမိမှုစုစုပေါင်းအမှုတွဲ (၂,၂၄၀) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၈ ဒသမ ၄၅၉) ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ (၁,၉၉၂) မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၅၆ ဒသမ ၅၉၇) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့။
- နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ဖော်ဆောင်ရာတွင် Rule of Law “တရားဥပဒေစိုးမိုးရေး”သည် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးပြီး လုံခြုံမှုရှိမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်။
- တရားဝင်နယ်စပ်ကုန်သွယ်ရေးစခန်းများက ကုန်သွယ်မှုများကို လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရန်လိုအပ်ပြီး အခြားတစ်ဖက်တွင် တရားမဝင် ဝင်/ထွက် ပေါက်များ အသုံးပြုရှောင်ကွင်းမှုများကို ထိထိရောက်ရောက် တားဆီးစစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူသွား ရမည်ဖြစ်။
- တရားမဝင်ကုန်သွယ်မှုများကို တားဆီးစစ်ဆေးရာတွင် တရားမဝင်ကုန်ပစ္စည်းများ အပါအဝင် လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများကိုလည်း ဖမ်းဆီးရမိလျက်ရှိ။
Add new comment