လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ဇန်နဝါရီလ ၁၅ ရက်တွင် လောက်ကိုင်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး၊ ခန်းမဆောင်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က-
- လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင်နိုင်ရေးအတွက် ခေတ်အဆက်ဆက် စီမံချက်များရေးဆွဲဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်ဖြင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း နိုင်ငံသားကတ်ကိုင်ဆောင်မဲပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊
- အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ် မရရှိသေးသူများနှင့် ယခုနှစ်အတွင်း အသက်(၁၆)နှစ်ပြည့်မှီလာသူများအတွက် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလောက်ကိုင်မြို့နယ်အတွင်း နိုင်ငံသား ကတ်ပြားထုတ်ပေး ခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊
- နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝ ရရှိနိုင်သကဲ့သို့ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲပေးနိုင်ခွင့် အပြည့်အဝ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ပန်းခင်းစီမံချက်ဆောင်ရွက်မှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားတွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် လောက်ကိုင်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် (၂၀၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂,၀၀၀) ခုတို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာဒေသခံကိုယ်စားလှယ်များထံ ပေးအပ်ခဲ့ကြပါသည်။
အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)မှ ဒေသကွပ်ကဲရေးမှူး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၁၇-၁-၂၀၂၃)
- ယခုအခါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း နိုင်ငံသားကတ်ကိုင်ဆောင်မဲပေးနိုင်ရေးရည်ရွယ်၍ နိုင်ငံတဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိ။
- ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် လောက်ကိုင်မြို့နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်း အစောင် (၂၀၀)နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂,၀၀၀) ခုတို့ကို တာဝန်ရှိသူများက သက်ဆိုင်ရာဒေသခံကိုယ်စားလှယ်များထံ ပေးအပ်ခဲ့။
Add new comment