နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကယားပြည်နယ်အတွင်းရှိ ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့်တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက် မွန်းလွဲပိုင်းတွင် ကယား ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဘာသာပေါင်းစုံမှ ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ်များမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကိုအတူတကွ ဝိုင်းဝန်းဖော်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမရှိပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ပြည်နယ် အတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများ အဆင်ပြေကောင်းမွန်စေရန်အတွက်လည်း ရပ်ကွက်ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တက်ရောက်လာကြသည့် ကယားပြည်နယ်အတွင်းရှိဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများကလည်း မိမိတို့၏ကဏ္ဍများအလိုက် ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက လက်ရှိဆောင်ရွက်ပေးနေသည့် အခြေအနေများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး နှစ်သစ်ကူးအမှတ်တရလက်ဆောင်ပန်းခြင်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ် ခတ်တိုက်ခိုက်သဖြင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူအမျိုးသားတစ်ဦး၏ မိသားစုဝင်များ၊ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် အပြစ်မဲ့ကျောင်းသား/ကျောင်းသူများ၊ အရပ်သားပြည်သူများအား သွားရောက်ကြည့်ရှု အားပေး စကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၁-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ကယားပြည်နယ်အတွင်းရှိ ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့ပြီး အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့။
Add new comment