နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲအခမ်းအနားတက် ရောက်

      မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက်နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(ရုံးချုပ်) သီရိရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊  မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယခေါင်းဆောင်များ၊ လုပ်ငန်းအဖွဲ့ခွဲခေါင်းဆောင်များ၊ အတွင်းရေးမှူးများ၊ နေပြည်တော်ကောင်စီ နယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးများ၊  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က-

  • ၁၉၉၅ ခုနှစ် ဘေဂျင်းကြေညာစာတမ်းအရ အမျိုးသမီးများအား ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင် ပါဝင်ခွင့်ရရှိစေရန်နှင့် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် နိုင်ငံတော်အဆင့် လုပ်ငန်းယန္တရားဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ(၃) ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး အဆိုပါကော်မတီ၌ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်အနေဖြင့်နေပြည်တော်ကောင်စီ/ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်အသီးသီး၌ ဖွဲ့စည်း ထားသော အမျိုးသမီးကော်မတီများမှာလည်း အဖွဲ့ဝင်အဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသည့် ကျား၊ မ တန်းတူညီမျှရေးနှင့် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် စွမ်းပကားမြှင့်တင်ခြင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာ အဆင့်အကောင်အထည် ဖော်ဆောင်ရွက်မှုအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂကချမှတ်ခဲ့သည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များစသည့် နိုင်ငံတကာ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏ မူဝါဒနှင့်အညီ အကောင်အထည်ဖော်လျက်ရှိကြောင်း။
  • အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) (NSPAW) Phase 1 ပါ လုပ်ငန်းစဉ်များဖြစ်သည့် အမျိုးသမီးများနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ မီဒီယာ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု၊ အရေးပေါ်အခြေအနေနှင့် ပဋိပက္ခဒေသအတွင်းရှိ အမျိုးသမီးများအတွက် လုပ်ငန်းရပ်များ ဆောင်ရွက်ပေးလျက်ရှိရာတွင် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့်အတွက် လှိုက်လှိုက် လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂) NSPAW Phase 2 ရေးဆွဲရေးကို ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဆိုင်ရာလုပ်ငန်းများအပါအဝင် လူမှုဝန်ထမ်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကော်မတီအဖွဲ့ဝင်အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် များစွာအရေးပါသဖြင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့်အတူ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့။

ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ကျေးရွာများအား ဆုချီးမြှင့်ခြင်းအစီအစဉ်၌ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက လွှမ်းခြုံမှုနှင့်စွမ်း ဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ မကွေးတိုင်းဒေသကြီး၊ တတိယ ဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် အထူးဆုရ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဌေးက လွှမ်းခြုံမှုအကောင်းဆုံးဆုတွင် ပထမဆုရ ကချင်ပြည်နယ်၊ ဒုတိယဆုရ စစ်ကိုင်းတိုင်းဒေသကြီး၊ တတိယဆုရ မွန်ပြည်နယ်နှင့် အထူးဆုရ နေပြည်တော်ကောင်စီနယ်မြေတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယက ဒေါ်သန်းသန်းနွယ်က စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရ ဧရာဝတီတိုင်းဒေသကြီး၊ ဒုတိယဆုရ ကရင်ပြည်နယ်၊ တတိယဆုရ ရခိုင်ပြည်နယ်နှင့် အထူးဆုရ ကယားပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် ဂုဏ်ထူးဆောင်နာယကများသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ပြီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုကြပြီးနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကိုကျင်းပရာ နေပြည်တော်/တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ များနှင့် တိုင်းဒေသကြီး/ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့များက (၂)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကိုတင်ပြကြပြီး တင်ပြချက်များအပေါ် သဘာပတိများမှ ပြန်လည်သုံးသပ်ခဲ့ကြောင်းနှင့် အဆိုပါနှစ်ပတ်လည်အစည်းအဝေးကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ (၂)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြား ၁၆ -၁-၂၀၂၃)

 

  • မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် (၁၉)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်(ရုံးချုပ်) သီရိရတနာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ် ကြူကြူလှနှင့် ဂုဏ်ထူးဆောင်နာယကများဖြစ်သည့် ဒေါ်ခင်သက်ဌေးနှင့် ဒေါ်သန်းသန်းနွယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့။
  • ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်၊ ကျေးရွာများအား ဆုချီးမြှင့်ခြင်းအစီအစဉ်၌ ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက လွှမ်းခြုံမှုနှင့် စွမ်းဆောင်မှုအကောင်းဆုံးဆုတွင် ပထမဆုရ ရှမ်းပြည်နယ်၊ ဒုတိယဆုရ မကွေးတိုင်း ဒေသကြီး၊ တတိယဆုရ ရန်ကုန်တိုင်းဒေသကြီးနှင့် အထူးဆုရ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း၊ ဂုဏ်ထူးဆောင်နာယကများက ဆုရရှိကြသည့် တိုင်းဒေသကြီးတို့မှ ကိုယ်စားလှယ်များကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့။

Add new comment